ငြိမ်းချမ်းရေးအတွက် စိတ်ဝမ်းကွဲစေမယ့်ပြောဆိုမှုတွေရှောင်ရှားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ပြော

ငြိမ်းချမ်းရေးအတွက် စိတ်ဝမ်းကွဲစေမယ့်ပြောဆိုမှုတွေရှောင်ရှားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ပြော
by -
မဇ္ဈိမ
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အလေးထားကြိုးပမ်းနေသည့်ကာလဖြစ်သောကြောင့် လွှတ်တော်အမတ်များအနေဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုပြီး ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းကြရန်နှင့် စိတ်ဝမ်းကွဲပြားစေသည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်းရှားကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်း ပြောဆိုလိုက်သည်။

“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ လျှောက်လှမ်းကြရမယ့် အရေးအကြီးဆုံးအရွေ့တစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေး အဖြေရှာနေတဲ့ကာလမှာ ကျွန်တော်တို့ကိုယ်စားလှယ်များအနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့် အထင်အမြင်လွဲမှားစေမယ့် အပြုအမူ၊ အပြောအဆိုတွေကို သတိပြုရှောင်ရှားကြစေလိုပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ဇန်နဝါရီ ၃၀ရက်က စတင်ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားစဉ် ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်များရဲ့ သဘောသဘာဝအတိုင်း သဘောကွဲလွဲခြင်း၊ အမြင်မတူခြင်းတွေ ရှိနိုင်ပေမယ့်လည်း မိမိတို့အားလုံးဟာ အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ဆွေးနွေးညှိနှိုင်းကြပြီး စည်းလုံးညီညွတ်စွာ ဆွေးနွေးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုသည်။

ယင်းအပြင် လွှတ်တာ်သို့ တင်သွင်းသည့် အဆိုများနှင့် မေးခွန်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရန်နှင့် လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်မှုကို အမြဲဦးထိပ်ပန်ဆင်ဆောင်ရွက်ကြရန်လည်း လွှတ်တော်ကို်ယ်စားလှယ်များကို ဦးဝင်းမြင့်က တိုက်တွန်းခဲ့သေးသည်။

ယခုကျင်းပသည့် စတုတ္ထပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်း ၁၂ခု၊ အဆို ၁၄ခုနှင့်၊ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၀၀ကျော်အား မေးမြန်း၊ ဆွေးနွေး၊ အတည်ပြုသွားရန် ရှိနေသည်ဟု ဦးဝင်းမြင့်က ဆိုသည်။

တိုင်းပြည်၏ ဘဏ္ဍာငွေ ရငွေနှင့်သုံးငွေသည် အလွန်အရေးကြီးသည့်အတွက် “လေလွင့်ဆုံးရှုံုးမှုတွေ၊ ငွေယိုပေါက်တွေမရှိအောင် ဂရုစိုက်ပေးကြပါ”ဟုလည်း ဦးဝင်းမြင့်က ပြောဆိုခဲ့သေးသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...