မုံးကိုး ဘာသာရေးဆရာ နှစ်ဦးကို မှုဆယ်ရဲစခန်းသို့ လွဲပြောင်း၊ မတရားအသင်း ပုဒ်မ ၁၇/၁ နှင့် ၁၇/၂ ဖြင့် တရားစွဲဆိုထား

မုံးကိုး ဘာသာရေးဆရာ နှစ်ဦးကို မှုဆယ်ရဲစခန်းသို့ လွဲပြောင်း၊ မတရားအသင်း ပုဒ်မ ၁၇/၁ နှင့် ၁၇/၂ ဖြင့် တရားစွဲဆိုထား
by -
မဇ္ဈိမ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
မြန်မာ့တပ်မတော်က ဖမ်းဆီးထားသော ရှမ်ပြည်နယ် မုံးကိုးမြို့မှ သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ် (ခ) ဦးဒီဒီနောင်လတ်နှင့် ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မူဆယ် မြို့မ ရဲစခန်းသို့ လွဲပြောင်းပေးခဲ့ပြီး ဇန်န်ဝါရီလ ၂၅ ရက်နေ့တွင် သူတို့၏ မိသားစုနှင့် ပထမဆုံး တွေ့ဆုံခွင့် ရရှိခဲ့သည်။

လက်ရှိတွင် သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ၁၇/၂ တို့ဖြင့် တရားစွဲဆိုထားပြီး သူတို့ နှစ်ဦးအား ရှေ့တန်းအမှတ် (၁၄) ခြေမြန်တပ်ရင်းမှ လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု မူဆယ်မြို့မ ရဲစခန်းမှ တာဝန်ကျသူတစ်ဦးက ပြောသည်။

“သူတို့ မူဆယ်ရဲစခန်းကို ရောက်ပါတယ်။ သူတို့ကို ၁၇/၁၊ ၁၇/ ၂ နဲ့ အမှုဖွင့်ထားတယ်။ ကျန်းမာရေးကောင်းပါတယ်။ အခုလောလောဆယ်တော့ စခန်းမှူးတို့နဲ့ တွေ့နေတယ်။ အပြင်မှာ မေးရုံပဲ ရှိသေးတယ်”ဟု သူက ပြောသည်။

ဆရာ နှစ်ဦး၏ မိသားစုနှင့်အတူ ဘာသာရေးဆရာများနှင့်လည်း မူဆယ်မြို့မ ရဲစခန်းတွင် တွေ့ဆုံခွင့် ရခဲ့ကာ သူတို့ နှစ်ဦးအား စစ်တပ်က ဖမ်းဆီး၍ နမ်ဖတ်ကာ အခြေစိုက်တပ်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ပြောဆိုခဲ့သည်ဟု မူဆယ်ခရိုင် မုံးမောင်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ ဦးဇော်ရာက ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က လွဲပေးတာ။ ကျွန်တော်တို့ ရဲစခန်းကနေ သိရတယ်။ ဒီနေ့တွေ့တော့ ကျန်းမာရေးကောင်းပါတယ်။ သူတို့ကို နမ်ဖတ်ကာ တပ်က ဖမ်းထားတဲ့အကြောင်းပဲ ပြောပါတယ်။ လောလောဆယ် သူတို့ကို ၁၇၊၁နဲ့၁၇၊၂ နဲ့ စွဲထားတယ်လို့ ပြောတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

 လက်ရှိ သူတို့ နှစ်ဦးသည် ကျန်းမာရေးကောင်းမွန်နေကာ မူဆယ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဘာသာရေးဆရာနှစ်ဦး လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဦးဇော်ရာက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ သူတို့နှစ်ယောက် ဘာမှအပြစ်မရှိဘူးလို့ထင်တယ်။ ဒီတိုင်းလွတ်လာရင်တော့ ကျွန်တော်တို့ ဝမ်းသာရမှာပေါ့။ အခုက ရဲကို လွှဲပြီးတော့ ဥပဒေနဲ့ လုပ်တော့မယ်ဆိုတော့ စောင့်နေတယ်။ ကျွန်တော်တို့လည်း ကြိုးစားရမယ့် သဘောမှာရှိတယ်။ ကျွန်တော်တို့ ဘာသာရေးဆရာတွေကို ၁၇၊ ၁ နဲ့ တရားစွဲတာက မဖြစ်စေချင်ဘူး”ဟု သူက ပြောသည်။

သူတို့နှစ်ဦးကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က မုံးကိုးမြို့ တပ်မတော် ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံးခဲ့သည်။

ပျောက်ဆုံးခဲ့သော ၂၅ ရက်အကြာတွင် တပ်မတော်ဘက်မှ သူတို့ နှစ်ဦးသည် KIA အတွက် ငွေကြေးထောက်ပံ့ကူညီခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးခဲ့သည်ဟု ဇန်နဝါရီလ ၁၉ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...