DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ရန်ကုန်တွင် တွေ့ဆုံပါက လုံခြုံရေးအတွက် အာမခံချက်လို

DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ရန်ကုန်တွင် တွေ့ဆုံပါက လုံခြုံရေးအတွက် အာမခံချက်လို
by -
မဇ္ဈိမ
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ (DPN)ဝင်များ၏ လုံခြံုရေး အာမခံချက်ရှိမှ ရန်ကုန်ရှိ နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်မည် ဖြစ်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

DPN နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ဇန်နဝါရီလကုန်ပိုင်းတွင် ထပ်မံ တွေ့ဆုံရန်ရှိသော်လည်း အကယ်၍ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်းဖြစ်၊ DPN ကိုယ်စားလှယ်အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပါဝင်နေသဖြင့် ၄င်းတို့၏ လုံခြံုရေး အာမခံချက်ရှိပါက ဆွေးနွေးပွဲ တက်ရောက်မည် ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဥပမာ-သွားတဲ့ကိုယ်စားလှယ်တွေအတွက် လုံခြံုရေးကို ဘာမှ အန္တရာယ်မရှိဘူးဆိုရင် သဘောကတော့ အာမခံချက်ရှိနေမယ်ဆိုရင် ကျွန်တော်တို့ သွားမှာပဲ။ သဘောကတော့ တိုက်ပွဲ ဖြစ်နေတာကလည်း ဖြစ်၊ နိုင်ငံရေးဆွေးနွေးပွဲအပိုင်းတော့ ဆွေးနွေးရမှာပဲ။ အမှန်က ဆွေးနွေးတယ်ဆိုတဲ့ဟာက စိုးရိမ်စရာတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ တစ်ဖက်က ငြိမ်းချမ်းရေးအတွက် ဆိုရင်တော့ ကျွန်တော်တို့ အရဲစွန့်ပြီးတော့ သွားရမှာပဲ”ဟု နိုင်ဟံသာက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့က နှစ်ဖက်အလွတ်သဘောတွေ့ဆုံမှုတွင် DPN ဘက်မှ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် တင်ပြထားသော်လည်း နှစ်ဖက် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု သိရသည်။

UNFC အရေးပေါ် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်ပါတီ (LDU)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက် ကျင်းပသည့် UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယအကြိမ် ညီလာခံ တက်ရောက်နိုင်ရေးအတွက် အစည်းအဝေး ကျင်းပနေခြင်း ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...