ဖေဖော်ဝါရီတွင် ပြုလုပ်မည့် ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ဖေဖော်ဝါရီတွင် ပြုလုပ်မည့် ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
by -
မဇ္ဈိမ
ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး အကြို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး RCSS အပါအဝင် ဖိတ်ကြားထားသောသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ရှမ်းလူမျိုးများ၏ ဆန္ဒသဘောထားများ ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အဖြစ် တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ယနေ့ ၉ နာရီက စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

၄င်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ ၅ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပြီး ၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် ပြင်ဆင်တာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

“၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် ပြင်ဆင်တာပေါ့လေ၊ ပြင်ဆင်တဲ့အခါမှာ ရှမ်းလူမျိုး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပေါ့၊ ရှမ်းလူမျိုးကဏ္ဍပေါ့၊ အဲ့ဒီအတွက် ရှမ်းလူမျိုးတွေ ဘက်ကနေပြီးတော့ ဘယ်လိုပါဝင်ဆွေးနွေးနိုင်မလဲဆိုတာ ကျွန်တော်တို့က ချိတ်ဆက်တဲ့အခါ လူထုကြားကို ဆင်းပြီး သဘောထားကောက်ယူမှာ ဖြစ်တယ်လေ၊ အဲ့ဒီအတွက်ကို စာရင်းကောက်မယ့်လူတွေကို Workshop လုပ်ပေးပါတယ်။ ကဏ္ဍ ၅ ခုနဲ့ လူထုကြားကို စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။ ကျွန်တော်မှတ်မိသလောက်တော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝသယံဇာတ အဲ့ဒါတွေပါ " ဟု ဦးစိုင်းညွှန့်လွင် က မဇ္ဈိမသို့ ပြောသည်။

ယနေ့ ဆွေးနွေးပွဲသည် ကြိုတင်ပြင်ဆင်သည့် ဆွေးနွေးပွဲသာ ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့စည်းများက သက်ဆိုင်ရာကဏ္ဍ အလိုက်အကြောင်းအရာများကို လာရောက်ရှင်းလင်းပြောခဲ့သည်။

“ကျွန်တော်တို့ အဓိက ဖိတ်တာကတော့ RCSS အဖွဲ့က လူ ၄၀ ပါ၊ SNLD၊ SSPP/SSA၊ ဆင်ကျော့ပြည်သူ့စစ် ပါဝင်တဲ့ SSJAC တစ်ခုလုံးက ၁၃၅ ယောက်၊ ကျားဖြူက ၃၀ ပါ။ အားလုံးပေါင်း လူ ရ၉၀ လောက် ဖိတ်တာပါ၊ စာရင်းအရတော့ လူ ၄၅၀ ရှိတယ်” ဟု ဖိတ်ကြားမှုကို ပြောခဲ့ပြီး RCSS သည် NCA အပစ်လက်မှတ်ထိုးသော်လည်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အခုကစပြီး လူအုပ်စုခွဲနေပါတယ်၊ အုပ်စု ၁၅ အုပ်စုခွဲရမှာပါ၊ အုပ်စုတွေ ခွဲပြီးရင် နိုင်ငံရေးကဏ္ဍလည်း နိုင်ငံရေးကဏ္ဍအလိုက် ဝပ်ရှော့လုပ်ပါမယ်၊ စီးပွားရေးကဏ္ဍက စီးပွားရေး ဝပ်ရှော့ သပ်သပ်လုပ်မယ်၊ အဲ့လူတွေပြန်စုပြီးရင်တော့ တစ်မြို့နယ်ချင်းကို လူ ၁၄ ဖွဲ့က ခွဲသွားမှာပါ၊ မြို့နယ် ၄၀ ခန့်မှန်းထားပါတယ်။ ရှမ်းရှိတဲ့ မြို့နယ်ကို အကုန်လုံးရောက်မှာပါ။ အခုလောလောဆယ် Logal Point အနေနဲ့ လုပ်ထားတယ်။ စစ်ကိုင်းထဲဆိုရင် ဟုမ္မလင်း၊ ဟုမ္မလင်းနားမှာရှိတဲ့ မြို့နယ်တွေကတော့ ဟုမ္မလင်းမှာပဲ စုပြီး လုပ်ရမှာပါ၊ ကချင်ပြည်နယ်မှာဆိုရင် မိုးညှင်း တစ်နေရာ လုပ်ပါမယ်။ မန္တလေးတိုင်း၊ ကယားပြည်နယ် လွိုင်ကော်၊ ရှမ်းပြည်နယ်ပြင်ပပေါ့။ ရှမ်းပြည်နယ်ထဲမှာ ဆိုရင် ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ တောင်ကြီး၊ ညောင်ရွှေ၊ လင်းခေး၊ လဲချား၊ နမ့်စန် ဆိုပြီး ခွဲထားပါတယ်။ အရှေ့ပိုင်းမှာတော့ တာချီလိတ်နဲ့ ကျိုင်းတုံပါ" ဟု ၄င်းက ဆက်ပြောသည်။

ယနေ့စတင်ကျင်းပသည့် ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့များမှ ပုဂ္ဂိုလ်များနှင့်အတူ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ကြောင်းသိရသည်။

ယခုအလုပ်ရုံဆွေးနွေးပွဲပြီးနောက်တွင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ဦးဆောင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...