“နိုဝင်ဘာမှာ သွားရောက်နိုင်ဖို့ စီစဉ်နေတာပါ။ ဒါပေမယ့် နှစ်နိုင်ငံကြား စီစဉ်နေတာက အစလေးပဲ ရှိပါသေးတယ်။ ရက်မသတ်မှတ်ရသေးပါဘူး။”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ကျိုတိုသတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ဂျပန်နိုင်ငံသို့ နောက်ဆုံးသွားရောက်ခဲ့သည်။ ယင်းအချိန်က လွှတ်တော်အတွင်း အတိုက်အခံအမတ်တစ်ဦးအဖြစ်သာ ရှိနေပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် တွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရပြီး NLD ပါတီက အစိုးရသစ်အဖြစ် တက်လာခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဒေါ်အောင်ဆန်းစုကြည်အား ဖြစ်နိုင်သမျှ စောလျှင်စွာ ဂျပန်သို့ လာရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်သည်။
ယခုလ စက်တင်ဘာ ရ ရက်က လာအိုနိုင်ငံ ဗီယက်ကျင်းမြို့တွင် ကျင်းပသော အာဆီယံအစည်းအဝေး ပြင်ပ၌ တွေ့ဆုံစဉ် ရှင်ဇိုအာဘေးက ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
လက်တလောတွင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေပြီး စက်တင်ဘာ ၁၅ ရက်က သမ္မတဘားရတ်အိုဘားမားနှင့် တွေ့ဆုံခဲ့ကာ လက်ရှိ၌ နယူးယေက်တွင် ကုလသမဂ္ဂအစည်းအဝေး တက်ရောက်လျက်ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ရယူထားပြီးနောက်ပိုင် ထိုင်းနိုင်ငံ၊ တရုတ်၊ ဗြိတိန်၊ လာအိုနှင့် အမေရိကန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံသို့လည်း အောက်တိုဘာလလယ်တွင် ဒေသတွင်းအစည်းအဝေးတက်ရောက်ရန်အတွက် သွားရောက်ရန် ရှိကြောင်းလည်း သိရသည်။







