အပစ်ရပ်စောင့်ကြည်ရေး ပြည်နယ်အဆင့်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည်

အပစ်ရပ်စောင့်ကြည်ရေး ပြည်နယ်အဆင့်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည်
by -
မဇ္ဈိမ
 ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) လက်အောက်တွင်  တိုင်းနှင့်ပြည်နယ်အဆင့် အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ (JMC-S) များထပ်မံဖွဲ့စည်းဆောင်ရွက်သွားမည်ဟု (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးကပြောသည်။

တိုင်းနှင့်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို တိုင်နှင့်ပြည်နယ်အလိုက် နေရာ ခြောက် ခုတွင် ဖွဲ့စည်းရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် နေရာ ၆ နေရာအနက် ရှမ်းပြည်နယ်၊ တနလာင်္ရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နေရာလေးခုတွင် ဖွဲ့စည်းပြီးကြောင်းသိရသည်။

“အစည်းဝေး အဆင့်လောက်ကိုပဲ အဲ့နေရာတွေမှာ လုပ်နိုင်သေးပါတယ်။ ဒါပေမယ့် တကယ့် အလုပ်လုပ်နိုင်ဖို့ဆိုရင်တာ့ ရုံးတွေ ဝန်ထမ်းတွေ လိုအပ်ပါတယ်။ ဇန်နဝါရီလောက်မှာတော့ သူတို့ အကုန်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ကရင်ပြည်နယ်ကော်မတီအတွက် ထောက်ပံ့ငွေတော့ရရှိပြီးဖြစ်ပါတယ်။ အဲ့ဒီမှာတော့ လုပ်ငန်းတွေ စလုပ်တော့မှာပါ” ဟု ဒေါက်တာ ရွှေခါးကပြောသည်။

(JMC-S) ကော်မတီလုပ်ငန်းများစတင်လည် ပတ်ပါက ပြည်နယ်နှင့်တိုင်းရှိ ရုံးတစ်ရုံးတွင် ၀န်ထမ်းအင်အား ၁၆ ဦးခန့်ဖြင့် လည်ပတ်ရန်ရှိ သော်လည်း လောလောဆယ်တွင် အခြေနေအရ ဝန်ထမ်း နှစ်ဦးဖြင့် စတင်လည်ပတ်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

တိုင်းနှင့်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို ပဲခူးတိုင်းနှင့် ချင်းပြည်နယ်တွင် ထပ်မံဖွင့်လှစ်ရန်ကျန်ရှိနေသည်။

ပဲခူးတိုင်းရှိ (JMC-S) ကို အောက်တိုဘာ ၁၅ရက် တောင်ငူမြို့တွင် ဖွင့်လှစ်ရန်အစည်းဝေး၌ ဆုံးဖြတ်ထားပြီး ချင်းပြည်နယ် ဟားခါးမြို့ရှိ (JMC-S) ကိုတော့ ရာသီဥတုအခြေနေကြောင့်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ လာမည့် နိုဝင်ဘာတွင်ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် (JMC-U) အစည်းဝေးမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုတွေအပြင် နယ်မြေပိုင်းခြားသတ်မှတ်မှုနှင့် ပက်သက်တဲ့ကိစ္စရပ်တွေကိုလည်း(JMC-S) တွင် ဆွေးနွေးသွားမည်ဟု (JMC-U) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

“နယ်မြေပိုင်းခြားသတ်မှတ်မှုနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့မြေပြင်တပ်မှူးတွေပေါ့ ဆွေးနွေးနိုင်ဖို့အတွက်ကို (JMC-S) ကနေပြီး ကမကထ ဦးဆောင်ပြီး ဆွေးနွေးစေဖို့ ဆွေးနွေးသွားပါမယ်” ဟု ၎င်းကဆိုသည်။

တိုင်းနှင့်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) သည် NCA  လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၏ ပစ်ခတ်မှုအခြေနေများကိုသာ စောင့်ကြည့်မည်ဖြစ်သည်။

“JMC ရဲ့လုပ်ပိုင်ခွင့်က တစ်နိုင်ငံလုံးအပစ်ခတ်ရပ်ဆဲရေး NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အစိုးရကြားမှာ ဖြစ်တဲ့ ပဋိပခတွေကိုပဲစောင့်ကြည့် ပိုင်ခွင့်ရှိပါတယ်။ အခုလောလောဆယ် ကရင်ပြည်နယ်မှာ ဖြစ်တဲ့ ကိစ္စကတော့ DKBA ကနေခွဲထွက်တဲ့အဖွဲ့ နဲ့ တပ်မတော်ကြားမှာဖြစ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် JMC အနေနဲ့ အဲ့လိုကိစ္စမျိုးမှာ လုပ်ပိုင်ခွင့်မရှိပါဘူး” လို့ (JMC-U) ၏လုပ်ပိုင်ခွင့်နှင့်ပက်သက်ပြီး အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးကပြောသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...