စစ်တွေဆိပ်ကမ်းကို အပြည်ပြည်ဆိုင်ရာ ကုန်စည်ဆိပ်ကမ်းအဖြစ် သတ်မှတ်နိုင်ရန် အိန္ဒိယမျှော်လင့်

စစ်တွေဆိပ်ကမ်းကို အပြည်ပြည်ဆိုင်ရာ ကုန်စည်ဆိပ်ကမ်းအဖြစ် သတ်မှတ်နိုင်ရန် အိန္ဒိယမျှော်လင့်
by -
မဇ္ဈိမ
အိန္ဒိယ အစိုးရက ဦးဆောင် တည်ဆောက်နေသော စစ်တွေဆိပ်ကမ်းကို လာမည့် နို၀င်ဘာလတွင် စတင် အသုံး ပြုနိုင်တော့မည် ဖြစ်ပြီး ယင်းဆိပ်ကမ်းအား အပြည်ပြည်ဆိုင်ရာ ကုန်စည်ဆိပ်ကမ်းအဖြစ် သတ်မှတ်နိုင်ရန် မျှော်လင့်ကြောင်း အိန္ဒိယ ကောင်စစ်ဝန် Rajesh Kumar က ပြောသည်။

"မြန်မာအစိုးရအနေနဲ့ ဒီဆိပ်ကမ်းကို အပြည်ပြည်ဆိုင်ရာ ကုန်စည်ဆိပ်ကမ်းအဖြစ် သတ်မှတ်ပေးမယ်ဆိုရင်တော့ အိန္ဒိယတစ်ခုတည်းတင် မကဘူး။ ထိုင်း၊ စင်္ကာပူနဲ့ တရုတ် စတဲ့ နိုင်ငံတွေနဲ့ပါ တိုက်ရိုက်တင်ပို့၊ တင်သွင်းခွင့်တွေ ရရှိလာမှာပါ။ ဒေသတွင်း စီးပွားရေး သမားတွေအနေနဲ့လည်း နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ ကိုက် ညီလို့ရှိရင်တော့ အိန္ဒိယကိုပဲဖြစ်ဖြစ် ဘယ်နိုင်ငံကိုပဲ ဖြစ်ဖြစ် တိုက်ရိုက်တင်ပို့ခွင့် ရရှိလာမှာပါ။ ဒီဆိပ်ကမ်းက အိန္ဒိယ အစိုးရ တစ်ခုတည်း အတွက် မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။

စစ်တွေ ဆိပ်ကမ်းသည် အိန္ဒိယ နိုင်ငံတောင်ပိုင်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်များ တင်ပို့နိုင်ရန် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှ သီးနှံကုန်ကြမ်းများနှင့်   ရေထွက်ကုန်စည်များကို အဓိက တင်ပို့မည့် ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များအား အိန္ဒိ ယနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများအား သွားရောက် လေ့လာနိုင်ရန်အတွက် စီစဉ်လျှက် ရှိပြီး ပြည်နယ်၏ စီးပွားရေးကို နိုင်ငံတကာနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရန် အိန္ဒိယအစိုးရမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောင်စစ်ဝန် Rajesh Kumar က ပြောသည်။

ထို့အပြင် အိန္ဒိယအစိုးရအနေနှင့် စစ်တွေမြို့တွင် အထူးစီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ရန် စီစဉ်နေကြောင်း အိန္ဒိယ နိုင် ငံခြားရေးဝန်ကြီး ဌာနမှ ပြည်ပရေးရာဝန်ကြီး ဗီဂျေ ကူးမားဆင်းမ် ၏  ပြောကြားချက်ကို ကိုးကား၍ Economictimes သတင်းစာက သြဂုတ် ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

 '' အိန္ဒိယအစိုးရဟာ အာဆီယံစီးပွားရေးအသိုက်အဝန်းကို ဖော်ဆောင်တဲ့အချိန်ကစပြီး မူဝါဒတွေ သီးသန့်ရေးဆွဲထား ပြီး ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ စီမံကိန်းကို ကမ္ဘောဒီးယား၊ ဗီယက်နမ်တွေနဲ့ ချိတ်ဆက် နိုင်  အောင်လည်း စီစဉ်နေပါတယ်။ အခြားတဘက်မှာ စစ်တွေစီးပွားရေးဇုန်မှာ အာဆီယံနိုင်ငံတွေက ရင်းနှီးမြုပ်နှံနိုင် ဖို့ အ တွက်လည်း စီစဉ်နေပါတယ်။" ဟု ဝန်ကြီး ဗီဂျေ ကူးမားဆင်းမ်က လာအိုနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

စီးပွားရေးဇုန်ကို မြေဧက ၁၀၀၀ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ကုန်းတွင်း ပိတ်ပြည်နယ်များ ပင်လယ်ထွက်ပေါက်ရရှိစေရန်နှင့် စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တွေစီးပွားရေးဇုန်နှင့် စစ်တွေဆိပ်ကမ်းတို့ကို တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...