၀န်ကြီးဌာနမှာ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ဖွဲ့စည်းခြင်းဖြစ်ပြီး ယင်းဥပဒေအား လေ့လာကြည့်ရာတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် နံပါတ် ၂ တွင် (က) မှ (စ) အထိ ငြိမ်းချမ်းရေးဆိုသည့် စကားလုံး တစ်လုံးသာပါ၀င်ကာ နည်းဥပဒေ မထွက် သေးသောကြောင့် တိုင်ရင်းသားများကို မည်မျှကာကွယ်ပေးနိုင်မည်၊မည်မျှအကျိုးဆောင်ပေးနိုင် မည်ကို အာမခံချက်မရှိကြောင်း ၄င်းကဆိုသည်။
"ကျွန်တော်တို့တိုင်းရင်းသားတွေမျှော်မှန်းနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တိုက်ရိုက်လဲ မပတ်သက်ဘူး။ ကျွန်တော်ကတော့ ဒီဝန်ကြီးဌာနအစား ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဝန်ကြီး ဌာန ဆိုပြီးဖွဲ့ရင် ပိုပြီးကောင်းမနေဘူးလား။'' ဟုဦးစိုင်းလိတ်က ရှင်းပြသည်။
ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အသစ်ဖွဲစည်းမည့် ၀န်ကြီးဌာန (၂၁) ဌာနတွင် တိုင်းရင်းသားရေးရာဝန်ကြီးမှာ တိုင်ရင်းသားလူမျိုးများ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ ပေါ်ပေါက်လာခဲ့ပြီး ၀န်ကြီးဌာန အသစ်ဖြစ်၍ စီမံကိန်းမရှိ၊ ဘတ်ဂျက်မရှိသောကြောင့် စတင်တည်ဆောက်ရာတွင် တာဝန်ကြီးမားကာ ဌာန၏တာဝန်မှာ ပြည်တွင်းငြိမ်းချမ်းရေးမှသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် မျိုးနွယ်စုများ မပျောက်ပျက်အောင်၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ သမိုင်းအချက်အလက် မပျောက်အောင် ဆောင်ရွက်ရမည် ဟုဆိုသည်။
တိုင်းရင်းသားပါတီ ၂၃ ပါတီဖြစ်ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများဖယ်ဒရေးရှင်း (Nationalities Brotherhood Federation) အဖွဲ့အစည်းက ပြည်ထောင်စု တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ပေါ်ထွန်းလာသည်ကို ၀မ်းသာဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ချက်တစ်ရပ် ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကမှု တိုင်းရင်းသားရေးရာ ကိစ္စမှာ မြန်မာပြည်၏ အရေးကြီးသည့် ကိစ္စဖြစ်သည့် အတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနက ထားကိုထားရမည်ဖြစ်သော်လည်း စနစ်တကျ ကိုင်တွယ်ဖြေရှင်း လုပ်ဆောင်တတ်သည့်ဝန်ကြီးရှိရမည်ဟု မဇ္စျိမသို့ပြောကြားသည်။
''Protocol အရ အရေးပါတဲ့ဝန်ကြီးဌာနဖြစ်ရမှာ။ အရေးပါတယ်ဆိုတာ ၀န်ကြီးဌာန (၂၁) ခုထဲမှာ ထိပ်ဆုံးကရှိရမှာ နိုင်ငံခြားဆက်ဆံရေးမှာ နိုင်ငံခြားရေးရာ အရေးကြီးသလို ပြည်တွင်းမှာလဲ တိုင်းရင်းသားရေးရာက အရေးကြီးတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဆိုလို့ တိုင်းရင်းသားကို ပေးရမယ်လို့မဆိုလိုပါဘူး၊ လုပ်နိုင်ကိုင်သူ တစ်ဦးဖြစ်ဖို့အရေးကြီးတယ်။'' ဟု ၄င်းကဆိုသည်။
ဦးစိုင်းလိတ်က တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခဲ့လျှင် ၀န်ကြီးနေရာတွင် တိုင်းရင်းသားများ ထဲမှ ကိုယ်တိုင် လုပ်ခွင့်ရလျှင် ပို၍သင့်တော်ပြီး ဗမာတစ်ဦးဝန်ကြီး လာလုပ်လျှင် အဆင်မပြေဖြစ်ကာ အချင်းချင်း ၀ိ၀ါဒကွဲပြားနိုင်သည်ဟုပြောသည်။
ဓါတ်ပုံ- ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ ့(NCCT) တို ့၏ ဆဋ္ဌမအကြိမ်မြောက် တစ်ခုတည်းသော မူကြမ်း(Single Text) ဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊စက်တင်ဘာလ- ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို ့မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင်ကျင်းပပြုလုပ်စဉ်။ ဓာတ်ပုံ ဘိုဘို







