ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ မတ်လ ၁၀ရက်က ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထင်ကျော် နှင့် ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းတို့ကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ဦးထင်ကျော်က ၂၇၄မဲဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။ ကြံ့ခိုင်ရေးဘက်က တင်သွင်းသည့် ဒေါက်တာ စိုင်းမောက်ခမ်းကမူ ၂၉မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၄မဲ ရှိခဲ့သည်။
အမျိုးသားလွှတ်တော်ဘက်မှမူ မတ်လ ၁၀ရက်က ရွေးချယ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ချင်းတိုင်းရင်းသား လွှတ်တော်အမတ် ဦးဟင်နရီဗန်ထီးယူ နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးခင်အောင်မြင့် နှစ်ဦးအနက် ဦးဟန်နရီဗန်ထီးယူ က ၁၄၈ မဲ၊ ဦးခင်အောင်မြင့်က ၁၃ မဲရရှိကာ ဦးဟင်နရီဗန်ထီးယူက အပြတ်အနိုင် အနိုင်ရကာ ဒုသမ္မတလောင်းအဖြစ် အတည်ပြု ခံခဲ့ရသည်။
တပ်မတော်သားအမတ်အစုအဖွဲ့ကလည်း မတ်လ ၁၁ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း) အား ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီဖြစ်သည်။
နေပြည်တော် ဆင်ဖြူရှင်ခန်းမ၌ တပ်မတော်သားအမတ် ၁၆၆ ဦး စုံလင် တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအရ ရွေးချယ်သည်ဟု သတင်းထုတ်ပြန်သည်။
တပ်မတော်အမတ် ဗိုလ်ချုပ်တောက်ထွန်းက သဘာပတိအဖြစ် ဆောင်ရွက်သည့် ယင်းရွေးချယ်ပွဲတွင် တပ်မတော်အမတ် ဗိုလ်မှူးချုပ်သန်းလွင်က အဆိုတင်ခြင်းဖြစ်ပြီး တပ်မတော်အမတ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ခံခဲ့သည်။
ကန့်ကွက်သူမရှိဘဲ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း) သည် ဒုတိယသမ္မတလောင်းဖြစ်လာ သည်။
၎င်းတို့ကို သမ္မတ၊ ဒုသမ္မတလောင်း စိစစ်ရေးအဖွဲ့မှ စိစစ်ကာ မတ် ၁၅ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတလောင်းစာရင်း တင်သွင်းပြီး သမ္မတ ရွေးချယ်မည်ဖြစ်သည်။ ကျန်နှစ်ဦးကို ဒုသမ္မတ (၁)၊ (၂) ဆက်လက်ရွေးချယ်မည်ဖြစ်သည်။







