ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအမတ်တို့ တောင်းဆို

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအမတ်တို့ တောင်းဆို
by -
မဇ္စျိမ
 ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားအမတ်တို့က တောင်းဆိုလိုက်သည်။

ပြည်ထောင်စုလွှတ်တော်မှ တိုင်းရင်းသားအမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်းရှိ စားရိပ်သာ(၅)တွင် ဖေဖော်ဝါရီ ၂၉ရက်ညနေပိုင်းက တွေ့ဆုံစဉ် အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် NLDအနေဖြင့် တိုင်းရင်းသားများကို မေ့မထားရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စ ုတည်ဆောက်ရေးအတွက် ကြိုးပမ်းရန် တိုင်းရင်းသားအမတ်များက တောင်းဆိုကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့တက်ရောက်လာသူ တအာင်း (ပလောင်) အမျိုးသားပါတီမှ ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်အမတ် ဒေါ်နန်းမိုးက NLDအစိုးရအနေဖြင့် အဘက်ဘက်ကနိမ့်ကျနေသည့် တောင်ပေါ်ဒေသများကို မေ့မထားရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပါတီများကိုလည်း ဖိတ်ခေါ်ရန် ဒေါ်အောင်ဆန်းစုကြည်အား တင်ပြခဲ့သည်။

"ကျွန်မတို့တောင်ပေါ်ဒေသကို မမေ့ဖို့ ကျွန်မတောင်းဆိုချင်ပါတယ်။ ကျွန်မတို့ အင်အားနည်းတဲ့ပါတီတွေကို ဖိတ်ခေါ်ပါ။ ကျွန်မတို့အနေနဲ့လည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ချင်နေတဲ့ NLDကို ကျွန်မတို့အမြဲတမ်းကြိုဆိုပါတယ်" ဟု ဒေါ်နန်းမိုးက ပြောသည်။

ဒေါ်နန်းမိုး၏ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့အနေနဲ့ တောင်ပေါ်ဒေသကိုလည်း မမေ့ပါဘူး။ တောင်အောက်ဒေသပေ့ါလေ။ မြေပြန့်ဒေသကိုလည်း မမေ့ပါဘူး" ဟု ပြန်လည် ကတိပေးခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က "ငါတို့ကို ဘာပေး ၊ ငါတို့က ဘာရမှာဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးက ချဉ်းကပ်မယ်ဆိုရင် ကျွန်မတို့ ဘယ်လိုလုပ် ညီညွတ်မှုရနိုင်မှာလဲ။ ကျွန်မက တိုင်းရင်းသားတွေကို အားကိုးတယ်၊ ယုံကြည်တယ်။ ကျွန်မတို့ ပြည်ထောင်စု ကြံ့ခိုင်ဖို့အတွက်၊ ပြည်ထောင်စု ခိုင်မြဲဖို့အတွက်၊ ပြည်ထောင်စု တိုးတက်ဖို့အတွက် ဆိုလို့ရှိရင်တော့ တိုင်းရင်းသားတွေက အများကြီးကူညီနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်" ဟု တွေ့ဆုံပွဲတွင် ပြောသည်။

ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်ကလည်း NLDအစိုးရအနေဖြင့် ပြည်တွင်းစစ်ကြောင့်  နေအိမ်စွန့်ခွာနေကြရသည့် စစ်ဘေးရှောင်ပြည်သူများကိုလည်း ပစ်မထားရန်နှင့် လူနည်းစု တိုင်းရင်းသားများကိုလည်း မေ့မထားရန် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ အစိုးရဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ငြိမ်းချမ်းရေးကိစ္စကို ဦးစားပေး ကိုင်တွယ် ဖြေရှင်းသွားမည်ဟု တိုင်းရင်းသားအမတ်များကို ကတိပေးစကား ပြောသည်။

"ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး လိုအပ်နေတယ်ဆိုတာကတော့ ၀မ်းသာစရာတော့ မဟုတ်ဘူးပေါ့နော်။ ငြိမ်းချမ်းရေးရအောင်လို့ ကျွန်မတို့ အားလုံး ကြိုးစားရပါလိမ့်မယ်။ ငြိမ်းချမ်းရေး ရအောင်လုပ်ဖို့က ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရ စပြီးတော့ ထူထောင်တာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကိုင်တွယ်ပါ့မယ်လို့ ပြောထားတဲ့ ကတိအတိုင်းပဲ လုပ်ပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ ဒေါ်ထုမေကလည်း ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်အတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုသည်ဟုလည်း တွေ့ဆုံပွဲတွင် ထောက်ပြပြောဆိုသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...