လက်ရှိ အစိုးရသည် ပထမကြိမ် လွှတ်တော်ကိုသာ တာဝန်ခံမည် လွှတ်တော်သို့ အစိုးရ လာမရှင်းတော့

လက်ရှိ အစိုးရသည် ပထမကြိမ် လွှတ်တော်ကိုသာ တာဝန်ခံမည် လွှတ်တော်သို့ အစိုးရ လာမရှင်းတော့
by -
မဇ္စျိမ
ကျင်းပနေသည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် အဆိုများ၊ မေးခွန်းများ တင်သွင်းကာ လက်ရှိအစိုးရကို မေးခွန်းထုတ်မှုများအတွက် တိုက်တွန်းမှုများအတွက် လက်ရှိအစိုးရသည် ကျင်းပဆဲ ပထမအကြိမ်ကိုသာ  တာဝန်ခံရမည်ဖြစ်ပြီး လွှတ်တော် အစည်းအဝေးများသို့ လက်ရှိအစိုးရအဖွဲ့ဝင်များ တက်ရောက်ရန် ဆိုင်းငံ့ထားသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ဖေဖေါ်ဝါရီ ၂၅ ရက် ပြည်ထောင်စုလွှတ်တော်တွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းရာတွင် အစိုးရသစ်ထံ တာဝန်မလွှဲမီ နိုင်ငံပိုင်မြေ၊ စက်ရုံနှင့် စီမံကိန်းများကို ပုဂ္ဂလိကထံ လွှဲပြောင်းတာတွေကို ဟန့်တားပေးရန် အရေးကြီးအဆို တင်သွင်းခဲ့သည်။

အဆိုပါ အဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့မှ လွှတ်တော်သို့ သွားရောက် ရှင်းလင်းပေးရန် လွှတ်တော်က ဖိတ်ကြားခဲ့သော်လည်း အစိုးရအဖွဲ့က မသွားသည့်အပေါ် ဦးရဲထွဋ်က ဖြေရှင်းချက် ပေးလိုက်ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိ ပြည်ထောင်စု အစိုးရက ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံခြင်း ရှိမရှိ ဆိုတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသေအချာ ပြန်လည် သုံးသပ်ရမယ့် ကိစ္စပါ” ဟု ဖေဖေါ်ဝါရီ ၂၆ ရက် ကြေးမုံသတင်းစာတွင် ရှင်းလင်းထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၃ တွင် “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်၊ ဒုတိယသမ္မတများသည် နိုင်ငံတော် သမ္မတအားလည်းကောင်း နိုင်ငံတော် သမ္မတမှ တဆင့် ပြည်ထောင်စု လွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်” ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၂၈ (က) တွင်မူ ပြည်ထောင်စု အစိုးရသည် “ပြည်ထောင်စု လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် အစီရင် ခံရမည်” ဟု ပါရှိသည်။

အလားတူ ပုဒ်မ ၂၂၈ (ခ) တွင်လည်း “နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်” ဟု ပြဋ္ဌာန်းထားသည်။

သို့သော် အဆိုပါ ပုဒ်များမတွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သို့မဟုတ် မည်သည့် ပြည်ထောင်စုလွှတ်တော်ကို ရည်ညွှန်းသည်ကိုမူ ဖွဲ့စည်းပုံတွင် မပါသည်ကို တွေ့ရသည်။

“နောက်ထပ်အဆိုတွေ မေးခွန်းတွေပါ ဆက်တိုက်တင်လာလို့ ဒုတိယအကြိမ် လွှတ်တော်အစည်း အဝေးတွေမှာ လက်ရှိအစိုးရတာဝန် ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ နောက်တာဝန်ယူမယ့် အစိုးရ အဖွဲ့အနေနဲ့ သိသင့်တာ၊ အကြံပြုချင်တာရှိရင် တာဝန်လွှဲပြောင်းမှု အထောက်အကူပြုအဖွဲ့ချင်း ညှိနှိုင်းမေးမြန်း လို့ရပါတယ်” ဟုလည်း ဦးရဲထွဋ်က ပြောသည်။

ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆိုတွင်မူ "ရွေးကောက်ပွဲအပြီး အစိုးရသစ် စတင်တာဝန်ယူရန် တစ်လကျော်ခန့်သာ လိုတော့သော ယနေ့အချိန်မျိုး မှာ နိုင်ငံတော်အစိုးရက ထမ်းဆောင်နေတဲ့ အဓိကတာဝန်ကြီးဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကို ချောမွေ့စွာ ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် အစိုးရတာဝန်လွှဲပြောင်းခြင်းဟာ အထူးဦးစားပေး လုပ်ငန်းပဲ ဖြစ်သင့်ပါတယ်၊ သို့သော်လည်း အစိုးရဝန်ကြီးဌာနအချို့ တိုင်းဒေသကြီး အစိုးရအချို့တို့က လိုအပ်သောအစီအမံများ၊ ကြိုတင်ဆောင်ရွက်မှုများ၊ သဘောတူညှိနှိုှုင်းမှုများ မပြုလုပ်ဘဲ တာဝန်မလွှဲပြောင်းမီ အလျင်စလို လုပ်ဆောင်နေမှုများကို တွေ့ရှိနေရပါတယ်" ဟု ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...