လွှတ်တော်အမတ်တို့ကို သင်တန်းပေးမှုအပေါ် မဝေဖန်ဖို့ ပြည်ထောင်စုလွှတ်တော်ထုတ်ပြန်

လွှတ်တော်အမတ်တို့ကို သင်တန်းပေးမှုအပေါ် မဝေဖန်ဖို့ ပြည်ထောင်စုလွှတ်တော်ထုတ်ပြန်
by -
မဇ္စျိမ
 ပြည်ထောင်စုလွှတ်တော်အမတ်များအား ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်(UNDP)နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့ဦးဆောင်ကာ ငါးရက်ကြာသင်တန်းပို့ချနေမှုအပေါ် လူမှုကွန်ယက်အချို့တွင် ဝေဖန်ရေးသားနေမှုများသည် မလိုလားအပ်သော၊ အပြုသဘောမဆောင် သည့် ရေးသားဖော်ပြချက်များဖြစ်သည့်အတွက် ပြည်သူများ သတိပြုဆင်ခြင်နိုင်ရန်ဟုဆိုကာ ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်လိုက်သည်။

"လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း" ဟူ၍ ခေါင်းစဉ်တပ်ထားသော ပြည်ထောင်စုလွှတ်တော်ရုံး၏ ဖေဖော်ဝါရီ ၁၈ရက်စွဲပါ ထုတ်ပြန်ချက်တွင် "မလိုလားအပ်သော၊ အပြုသဘောမဆောင်သည့် ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်သူလူထုအနေဖြင့် သတိပြုဆင်ခြင်နိုင်ပါရန်" ဟု ဖော်ပြထားသည်။

လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ပြည်ထောင်စုလွှတ်တော်အမတ် ၄၆၅ဦးအား ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်(UNDP)နှင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့(IPU)တို့ ဦးဆောင်ကာ ဖေဖော်ဝါရီ ၁၅ရက်ကစပြီး ငါးရက်ကြာသင်တန်းပို့ချနေမှုအပေါ် လူမှုကွန်ယက် စာမျက်နှာအချို့တွင် ရေးသားဖော်ပြမှုများသည် လွှတ်တော်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာဆက်ဆံရေးနှင့် UNDP၊ IPUတို့ကို ထိခိုက်စေသည်ဟုဆိုကာ ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်သည့် 7 Eleven Mediaတွင် “အချုပ်အခြာအာဏာစတင် ဆုံးရှုံးနေပြီ ဖြစ်တဲ့ မြန်မာပါလီမန်”ဟူ၍ ခေါင်းစဉ်တပ်ကာ "လွှတ်တော်အစည်းအဝေးတွေကိုမျှော်လင့်တကြီးနဲ့ စောင့်နေကြချိန်မှာ နိုင်ငံအတွက် သိက္ခာကျစရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဖြူကောင်တွေက မြန်မာတွေရဲ့ ပြည်ထောင်စုလွှတ်တော်ကြီးကို သင်တန်းပို့ချကြတာ မီဒီယာတွေကလည်း အမွှမ်းတွေတင်။ သြော်မြန်မာတွေ အချုပ်အခြာပျောက်သွားပြီဆိုတာတောင် မသိကြတော့အထိပါပဲ" ၊ " ပြည်ထောင်စုရဲ့ အမြင့်ဆုံးလွှတ်တော်ကြီးမှာ အဖြူကောင်တွေ လတ်လျားလတ်လျားနဲ့ သွားလာနေကြတာ မြန်မာပါလီမန်လား၊ ပြည်ပသြဇာခံ ရုပ်သေးပါလီမန်လား ထင်မှတ်မှားစရာ ဖြစ်နေပါတယ်" စသဖြင့် ဖေဖော်ဝါရီ ၁၆ရက်က ရေးသားထားသည်ကို တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်ရုံးကမူ "လူမှုကွန်ယက်အချို့တွင် အထက်ပါအစီအစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်နှင့် ဥပဒေပြုလွှတ်တော်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာဆက်ဆံရေးနှင့် UNDP၊ IPUအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပံ့ပိုးမှုများကို ထိခိုက်စေသောအချက်များ၊ ပြည်သူများ အထင်အမြင်လွဲမှားစေနိုင်သည့် ထင်မြင်ယူဆချက်များကို ရေးသားဖော်ပြလျက်ရှိကြောင်း သိရှိရပါသည်" ဟု  ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က "လွှတ်တော်က တည်တည်ကြည်ကြည်နဲ့ တုံ့ပြန်လိုက်တာပဲ။ အဲ့လိုပဲ ကျွန်တော်သဘောရတယ်" ဟု ဖေဖော်ဝါရီ ၁၈ရက်တွင် ပြောသည်။

UNDPနှင့် IPUတို့ ဦးဆောင်ပြုလုပ်သော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အမတ်များအား လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်သည် လွှတ်တော်အမတ်တို့အား ဥပဒေပြုခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ထားသည်။

"သင်တန်းဆိုပေမယ့် အပြန်အလှန်ဆွေးနွေးတဲ့သဘောပါ။ သူတို့ဆီက ဥပဒေပြုရေးအတွေ့အကြံုတွေကို အများကြီးလေ့လာခွင့်၊ သိခွင့်ရပါတယ်" ဟု သင်တန်းတက်ရောက်နေသော လွှတ်တော်အမတ်တစ်ဦးက ဖေဖော်ဝါရီ ၁၇ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ အစီအစဉ်တွင် နိုင်ငံတကာလွှတ်တော်အမတ်များက တက်ရောက်ကာ ဦးဆောင်ဆွေးနွေးလျက်ရှိပြီး ပြည်ထောင်စုလွှတ်တော်အမတ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်အမတ်များ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ အတွေ့အကြံုများကို အချိန်တိုအတွင်း လေ့လာသိရှိခွင့်၊ ပါဝင်ဆွေးနွေးခွင့်ရရှိစေသည်ဟုလည်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။

NLDအမတ်အများဆုံး နေရာယူထားသော ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ရက်ကတည်းက စတင်ပြုလုပ်နေပြီဖြစ်သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...