လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လူအင်အား ၃၀၀၀ ခန့်သည် ဖေဖော်ဝါရီလ ၁၆ ရက်က ဝိုင်းမော်မြို့မှ စတင် ထွက်ခွာခဲ့ရာ ဆဒုံးကားလမ်းပေါ်ရှိ ဝါရှောင်ကျေးရွာအကျော်ရှိ ဂေါ်စက်ယန်ကျေးရွာရှိ အစိုးရ စစ်တပ်စခန်းမှ ဖြတ်သန်းခွင့် မပေးသဖြင့် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၅ နာရီချိန်ထိ လမ်းခုလတ်တွင် ပိတ်မိနေဆဲ ဖြစ်သည်ဟု Pat Jasan အဖွဲ့နှင့်အတူ လိုက်ပါနေသော ဖားကန့်မြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမရန်ဂျာလက မဇ္ဈိမကို ပြောသည်။
“အခုထိ မနေ့က နေရာ ဝါရှောင်အထွက် ဂေါ်စက်ယန်ဆိုတဲ့နေရာက စခန်းမှာ ရှိနေတယ်။ မနေ့ကတော့ အထက် အမိန့်အရ ဖြတ်သန်းခွင့် မရဘူးလို့ပြောတယ်။ အခု ဒီနေ့က တိုင်းရဲချုပ်တွေ ကျနော်တို့ ဆီရောက်နေတယ်။ ကျနော်တို့နဲ့ လာတွေ့ဆုံပြီးတော့ လာအားပေးစကားပြော မယ်လို ့ပြောနေတယ်၊ ဒါပေမဲ့ ဘာမှတော့ မပြောသေးဘူး။ ရှေ့တန်းစခန်း ကျနော်တို့ကို တားထားတဲ့နေရာထိ သွားမယ်လို့ လုပ်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီ ၁၇ရက် ညနေ ၅ နာရီချိန်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) တိုင်း ရဲချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတို့က အဆိုပါ ပိတ်မိနေသော ကချင်မှူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို လာရောက် အားပေးစကားပြောမည်ဟုဆိုကာ ရောက်ရှိလာသဖြင့် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။
“ကျွန်တော်တို့ကတော့ ရည်ရွယ်ချက်ကတော့ ဘိန်းခင်းရှိတဲ့နေရာ အရောက်အောင်သွားဖို့ပါပဲ”ဟု ဦးမရန် ဂျာလက ပြောသည်။
လက်ရှိ အခြေအနေအရ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးရန် ခွင့်ပြုချက်မရသေးသော်လည်း နိုင်ငံသားများ အားလုံး ပါဝင်လာရေးအတွက် နည်းလမ်းရှာပြီး မပခ နှင့် ပြည်နယ်အစိုးရမှ ပါဝင်လာရေး ဆွေးနွေးညှိနှိုင်းနေသည်ဟု မြစ်ကြီးနားမြို့နယ် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလုန်ဂျွန်တူးရော်က ပြောသည်။
“ဒီနေ့တော့ ဖြတ်သန်းဖို့ ခွင့်မရသေးလို့ ချီဖွေလမ်းဆုံမှာ လူတွေ အားလုံး စုပြီး နေရာချထားလိုက်ပြီ။ မသွားခိုင်းပေမဲ့ အစိုးရနဲ့လည်း ညှိနှိုင်းဦးမယ်။ ဘိန်းစိုက်တဲ့ လူတွေနဲ့လည်း ညှိမယ်။ ဘာဘဲဖြစ်ဖြစ် ဘိန်းခင်းတွေ ဒီအတိုင်းထားလိုက်လို့ မရဘူး။ ကျနော်တို့ အချင်းချင်းညှိနှိုင်းနေကြတယ်။ ဖြစ်အောင် နည်းလမ်းရှာပြီး သွားမယ်။ အစိုးရလည်း ပါဝင်လာအောင်၊ ပြောမယ်ဆိုရင် နိုင်ငံသားအားလုံး ပါဝင်လာရေးအတွက် လုပ်ရင်လည်း လုပ်လာမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ဝိုင်းမော်မြို့နယ် ကန်ပိုင်တီမြို့နယ်ခွဲ ဒေသများတွင် ဘိန်းခင်း ဧက ၁ သောင်းခန့် ရှိနေသေးသဖြင့် အစိုးရဘက်မှ လုံခြံုရေး တာဝန် မယူနိုင်သော်လည်း ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ထပ်မံ သွားရောက်ရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၅ ရက်က သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဌာန ဆိုင်ရာများထံသို့ လုံခြံုရေး တာဝန်ယူပေးရန် အကူအညီတောင်းခံခဲ့သော်လည်း အစိုးရဘက်မှ လုံခြံုရေး တာဝန် မယူပေးနိုင်အောင် ပြန်လည် ပြောဆိုလာပြီးနောက် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အင်အား ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထွက်ခွာခဲ့ရာမှ လမ်းတွင် တားဆီးခံနေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်ထိ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ကချင်ပြည်နယ် တနိုင်း၊ ပူတာအို၊ ကန်ပိုင်တီဒေသများရှိ ဘိန်းခင်းများ ဖျက်ဆီးနိုင်ခဲ့သော်လည်း ကန်ပိုင်တီမြို့နယ်ခွဲ မော်ဆီတုံးကျေးရွာတွင် ဘိန်းခင်းစိုက်ပျိုးသူများက တားဆီးပိတ်ပင်၍ အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့သဖြင့် လုံခြံုရေး စိုးရိမ်ရသဖြင့် ပြန်လှည့် လာခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ကန်ပိုင်တီဒေသများတွင် ထောင်ချီသော ဘိန်းခင်းများကို ဖျက်ဆီးရန် ရှိနေသေးသဖြင့် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ထပ်မံ ကြိုးပမ်းနေခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်မှ စတင်၍ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်ကာ လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များကို ဖွဲ့စည်း၍ ဘိန်းခင်းများ ဖျက်ဆီးခြင်း အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပညာပေးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများအား ဖမ်းဆီးကာ ဘိန်းဖျက်စခန်းတွင် ဆေးကုသမှုခံယူစေခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ယခင်နှစ်များတွင် ဘိန်းခင်း ဧက ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြောဆိုထားသည်။
ဝါရှောင် အလွန် ဂေါ်စက်ယန်ကျေးရွာက အစုုိးရတပ်စခန်းကနေ ဖြတ်သန်းခွင့် မရ၍ စောင့်နေကြပုံ။ (ဓာတ်ပုံ -Htoi Awng Galau Lang Ting)







