ဦးတေဇဟိုတယ်ကို အစိုးရသတိပေး

ဦးတေဇဟိုတယ်ကို အစိုးရသတိပေး
by -
မဇ္စျိမ
နေပြည်တော်(ဖေဖော်ဝါရီ ၁၆)။ ။ ဟိုတယ်တွင် နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပခွင့်မပြုကြောင်း သမ္မတဦးသိန်းစိန် တိုက်ရိုက်ခန့်အပ်ထားသည့် နေပြည်တော်ကောင်စီက ဦးတေဇ၏ ထူးဆောက်လုပ်ရေးဖွံ့ဖြိုးမှုအဖွဲ့ထံ အသိပေးစာတစ်စောင်ပေးပို့ အကြောင်းကြားထားသည်။

ဖေဖော်ဝါရီ ၁၆ရက်၊ ရက်စွဲဖြင့်လိပ်မူကာ ထူးဆောက်လုပ်ရေးဖွံ့ဖြိုးမှုအဖွဲ့ထံ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကိုယ်စား ကောင်စီဝင်ဖြစ်သူ ဗိုလ်မှူးကြီးမင်းနောင်က လက်မှတ်ရေးထိုးပေးပို့ထားခြင်းဖြစ်ကြောင်း ထူးကုမ္ပဏီ၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံတော်ဧည့်ဂေဟာအား အာဆီယံထိပ်သီးအစည်းအဝေးသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်များလာရောက်စဉ် တည်းခိုနေထိုင်ရန်အတွက် ကုမ္ပဏီ(၁၀)ခုသို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ လှည့်ပတ် ရန်ပုံငွေမှ သင့်တော်သောအတိုးနှုန်းဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှတဆင့် ချေးငွေသက်တမ်း(၅)နှစ်၊ ဆိုင်းငံ့(၁၀)နှစ်၊ (၁၀)ရစ်ဆပ် စုစုပေါင်း (၁၅)နှစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ လိပ်မူပါ ဟိုတယ်များသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ချေးယူထားသည့် ချေးငွေ မကျေသေးသည့် ကာလများတွင် အဆိုပါ  ဟိုတယ်များသည် နိုင်ငံပိုင်ဟိုတယ်များသာဖြစ်သဖြင့် ဟိုတယ်တွင် နိုင်ငံရေးပါတီများ အစည်းအဝေး ကျင်းပခွင့်မပြုဟု အကြောင်းကြားစာတွင် ရေးသားထားသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဦးတေဇ၏ ထူးကုမ္ပဏီပိုင် ရွှေစံအိမ်ဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အနိုင်ရအမတ်များကို စွမ်းရည်မြှင့်သင်တန်း ပို့ချခဲ့သည်။

အဆိုပါ သင်တန်း၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းက "ကျွန်တော်သိသလောက်တော့ဗျာ၊ သင်တန်းကို အဲ့ဒီဟိုတယ်မှာမလုပ်ဖို့ အစိုးရဘက်က တားခဲ့တယ်။ ကျွန်တော်တို့ကို နှင်ချခိုင်းတဲ့သဘောပေါ့။ ဒါပေမယ့် ဦးတေဇက ကျွန်တော်တို့ကို ခွင့်ပြုပေးခဲ့တယ်။ ဒီစာရောက်တာကလည်း အဲ့ဒါရဲ့ နောက်ဆက်တွဲပဲ ဖြစ်မှာပါ" ဟု မဇ္ဈိမကို ပြောသည်။

ရွှေစံအိမ်ဟိုတယ်တွင် NLDအမတ်များကို သင်တန်းခန်းမအပြင် နေစရာ၊ စားစရာများကို ဟိုတယ်က အခမဲ့စီစဉ်ပေးခဲ့သည်။

သင်တန်းစတင်ဖွင့်လှစ်ခဲ့သည့် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ရွှေစံအိမ်ဟိုတယ်သို့ NLDပါတီမှ နာယကဖြစ်သူ ဦးတင်ဦးအပါအဝင် ဦးဝင်းထိန်တို့လည်း တက်ရောက်ခဲ့ပြီး သင်တန်းအတွက် စီစဉ်ပေးခဲ့သော ဟိုတယ်မှ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားစဉ် ဦးဝင်းထိန်က ထည့်သွင်းပြောဆိုခဲ့သေးသည်။

ယင်းသင်တန်းတွင် အမတ်များအား  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဘတ်ဂျက်၊ အင်္ဂလိပ်စာစွမ်းရည်၊ ဥပဒေပြုရေးဆိုင်ရာကိစ္စများ စသည်တို့ကို ပို့ချခဲ့သည်။

ဓာတ်ပုံ- Shwe San Eain Hotel

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...