လွှတ်တော်သတင်းယူခွင့် ကန့်သတ်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဟု လွှတ်တော်ရုံး တုံ့ပြန်

လွှတ်တော်သတင်းယူခွင့် ကန့်သတ်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဟု လွှတ်တော်ရုံး တုံ့ပြန်
by -
မဇ္စျိမ
လွှတ်တော်အစည်းအဝေးခန်းမ အပြင်ဘက်ရှိ တီဗီတွင် သတင်းသမားများ သတင်းယူနေပုံ။ (ဓာတ်ပုံ- သက်ကို-မဇ္ဈိမ)
လွှတ်တော်အစည်းအဝေးခန်းမ အပြင်ဘက်ရှိ တီဗီတွင် သတင်းသမားများ သတင်းယူနေပုံ။ (ဓာတ်ပုံ- သက်ကို-မဇ္ဈိမ)
 နေပြည်တော်ရှိ လွှတ်တော် သုံးရပ်တွင် သတင်းထောက်များ သတင်းရယူခွင့် တင်းကြပ်လိုက်ခြင်းနှင့် ပတ်သက်၍ သတင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်နေကြမှု အပေါ် ယင်းသို့ကန့်သတ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးညွှန်ကြားရေးမှူးက တုန့်ပြန်ပြောကြားလိုက်သည်။

လတ်တလော ဝေဖန်မှုများထွက်ပေါ်နေသည့် လွှတ်တော်တွင်း သတင်းရယူခွင့် ကန့်သတ်မှုများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းစဉ် ပြည်ထောင်စု လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဦးနေဝင်းက ယင်းသို့ ပြန်လည်တုံ့ပြန် ဖြေကြားခြင်းဖြစ်သည်။

"အခုက လွှတ်တော်အကြီးအမှူးက အသစ်ဖြစ်လာတော့ သူ့ရဲ့လမ်းညွှန်ချက်အတိုင်း ဒါလေးကို ပြန်ထုတ်ရတာပေါ့နော်။ ကိုယ်တို့ကလည်း လမ်းညွှန်ချက်အတိုင်းပဲ လုပ်ရတာပေါ့။ ကိုယ်တို့ကလည်း ဝန်ထမ်းတွေ ဆိုတော့ တစ်ယောက်ပဲလာခဲ့၊ နှစ်ယောက်ပဲလာခဲ့ ဘယ်သွားပြောလို့ရမလဲ။ အန်တီကနေပြောတော့ ကိုယ်တို့လည်း အဖွဲ့တွေအားလုံး ကိုယ်တို့ ရှင်းပြတယ်။ တို့က လမ်းညွှန်ချက်အတိုင်းပဲ လိုက်နာတာ ဖြစ်တယ်။"ဟု ဦးနေဝင်းက ပြောသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် သတင်းယူနေသည့် သတင်းသမားများအနေဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား သတ်မှတ်ထားပြီး ယင်းနေရာများ၌သာ တွေ့ဆုံမေးမြန်းရမည် ဖြစ်ပြီး လွှတ်တော်ဝင်းအတွင်း၌ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးခြင်းမပြုရန် ကန့်သတ်ထားသည့်အပြင် အခြားကန့်သတ်ချက်များနှင့်ပတ်သက်၍လည်း ထောက်ပြဝေဖန်မှုများရှိနေသည်။

ယင်းကဲ့သို့ ကန့်သတ်ချက်များနှင့် ပတ်သက်၍လည်း သတင်းမီဒီများအကြား ဝေဖန်ရေးသားမှုများရှိနေပြီး မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက်တို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကလည်း သတင်းမီဒီယာများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အကြောင်းကြားစားပေးပို့ခဲ့သည်။

"ထပ်ပြီးတော့ သတင်းသမားတွေလျော့မယ် မလျော့ဘူး။ နေရာကန့်သတ်မယ် ဘာညာ အဲ့ဒါက သူတို့ အလုပ်လေ။ သူတို့ကြိုက်သလိုလုပ်လေ။ ဒါပေမယ့် အဲဒီမှာ ကောင်းတာမကောင်းတာက ကြိုတင်ညှိနှိုင်းရင် ငါတို့က ကြိုတင်ဖြေရှင်းပေးလို့ရတယ်။ ပြောပြလို့ အကြံပေးလို့ရတယ်။ ပြီးမှဆိုရင်တော့ ငါတို့က ကြိုက်တယ် မကြိုက်ဘူး ပြောရုံပဲရှိတော့တယ်လေ။ ဒါကြောင့် မကြိုက်ဘူးကွာ။ ရှင်းရှင်းပြောရရင် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီးမကြိုက်ဘူး"ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

ဖေဖော်ဝါရီလ ၂ရက်တွင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဆွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး(၂) ကိုကျော်ဇွာမင်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ကိုရဲမင်းဦးတို့နှင့် လုံခြံုရေးဆိုင်ရာ တာဝန်ရှိသူတို့ ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း   ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ခဲ့သော်လည်း ဦးကျော်စွာမင်းနှင့် ဦးရဲမင်းဦးတို့သည့် ကိုယ်စားလှယ်အဖြစ်သာ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်ချခြင်း၊ ဆွေးနွေးခြင်း တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိဟု ပြန်လည်တုန့်ပြန်ထားသည်။

ယခုကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်၍ လွှတ်တော်တွင်း သတင်းရယူခွင့် ကန့်သတ်ထိမ်းချုပ်ခဲ့ရခြင်းမှာ ၂၀၁၆ ဇန်နဝါရီလ၂၉ရက်က ပြုလုပ်သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ ဂုဏ်ပြုနေ့လည်စာစားပွဲနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမနေ့တို့တွင် သတင်းရယူခြင်းများကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အနှောက်အယှက် ဖြစ်ခဲ့ ရသည်ဟုဆိုကာ ကန့်သတ်လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တွင်းသတင်းရယူနေသည့် သတင်းသမားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသေးသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...