သူရဦးရွှေမန်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

သူရဦးရွှေမန်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
by -
မဇ္စျိမ
 ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရသလို နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ခြင်းမရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းအနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိနေသည့်အတွက် မည်သည့် အခန်းကဏ္ဍမှ သူရဦးရွှေမန်း ပြန်လည်ပါဝင်လာမည်ကို လူအများစုက စိတ်ဝင်စားလျက်ရှိသည်။

ယနေ့ ၂၀၁၆ခုနှစ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်မူ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တစ်ရပ်ကို အဖွဲ့ဝင် ၂၃ဦးဖြင့် ဖွဲ့စည်းမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေငြာလိုက်ပြီး ကော်မရှင်၏ ဥက္ကဋ္ဌကိုမူ သူရဦးရွှေမန်းအား တာဝန်ပေးအပ်ကြောင်း ကြေငြာခဲ့သည်။

သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းများကိုလည်း လွှတ်တာ်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်က လွှတ်တော်သို့ အောက်ပါအတိုင်း တင်ပြခဲ့သည်။

"ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ အခု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို မဖတ်ကြားခင် ကျနော့်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များ သိရှိနိုင်ဖို့ ပထမအကြိမ်ရဲ့ ဖွဲ့စည်းမှုအခြေအနေလေးတွေနဲ့ ကော်မရှင်အနေနဲ့ ကော်မတီကို ဘယ်လို အထောက်အကူပြုဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အပိုင်းကို ကျနော့်အနေနဲ့ အနည်းငယ်ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ။

ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းမှာ ကျနော်တို့ အမြဲတမ်းကော်မတီ ၄ ခုနဲ့ လိုအပ်ချက်အရ သီးခြားထပ်မံဖွဲ့စည်းထားတဲ့ ကော်မတီ ၁၉ ခု၊ စုစုပေါင်း ကော်မတီအားလုံး ၂၃ ခု ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီ ၂၃ ခုကို လွှတ်တော်ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီကော်မတီ ၂၃ ခုရဲ့ ဥပဒေပြုရေးနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းရေး တာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်သော ပြင်ပမှ အတွေ့အကြံုရင့်ကျက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တတ်သိပညာရှင်များပါ၀င်တဲ့ ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဒီကော်မရှင်ဟာဆိုလို့ရှိရင် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ပဲ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ကူညီပ့ံပိုးပေးမှုများကြောင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ကျနော့်အနေနဲ့ တင်ပြလိုပါတယ်။ ကော်မရှင်တွင်ပါ၀င်ခဲ့သော ပညာရှင်များကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြီး တင်ပြလိုပါတယ် ခင်ဗျာ။

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တာဝန်၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်နဲ့ သက်တမ်းများကို ကျနော့်အနေနဲ့ ဖတ်ကြားရှင်းလင်းတင်သွင်းသွားမှာဖြစ်ပါတယ်။

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ဟာ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဖြစ်ပါတယ်။

ကော်မရှင်၏ သက်တမ်း -  ကော်မရှင်၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေမှစ၍ ၁ နှစ် ဖြစ်သည် ။ သို့ရာတွင် ကော်မရှင်၏ လုပ်ငန်းတာဝန်ဆောင်ရွက်ချက်များအရ ၁ နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက  သက်တမ်းတိုးနိုင်သည်။လွှတ်တော်ဥက္ကဋ္ဌသည် ကော်မရှင်၏ သက်တမ်းကာလအတွင်း အဖွဲ့ဝင်များကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ - ကော်မရှင်သည်
(က) တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ပယ်ဖျက်ရေး၊အသစ်ပြဌာန်းနိုင်ရေးတို့ကို လွှတ်တော်ဥက္ကဋ္ဌထံမှ တဆင့် လွှတ်တော်သို့ တင်ပြရမည်။

(ခ) အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၄င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌထံမှတဆင့် လွှတ်တော်သို့ အစီရင်ခံတင်ပြရပါတယ်။

(ဂ) လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်။

(ဃ) လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်ရမည်။

(င) လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ အကြံဉာဏ်ပေးရမည်။

 ကော်မရှင်သည် လုပ်ငန်းနှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။ ကော်မရှင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိသည်။ ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ်မူတည်၍ လုံခြံုမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင် သည်။

ကော်မရှင်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ - ကော်မရှင် အဖွဲ့ဝင်များသည် လစဉ်ချီးမြှင့်ငွေ ၆ သိန်း၊ တာဝန်အရ ခရီးသွား လာခြင်းအတွက် အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင်စရိတ်  ကျပ် ၅ ထောင် နှင် ့အခြားအသုံးစရိတ် ကျပ် ၅ ထောင်၊ တာဝန်အရခရီးသွားလာရခြင်းအတွက် စားသောက်စားရိတ်ကို တစ်နေ့လျှင် ကျပ် ၁ သောင်း ခံစားခွင့်ရှိသည်။ ထို့အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။  ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင်အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိပါသည်"

 ကော်မရှင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁) သူရ ဦးရွှေမန်း (ဥက္ကဋ္ဌ)
၂) ဦးကိုကိုနိုင် - ရမည်းသင်းမဲဆန္ဒနယ် (ဒုဥက္ကဋ္ဌ)
၃) ဦးခင်မောင်ထွန်း - တွဲဘက်စစ်ထောက်ချုပ်-ငြိမ်း၊
၄) ဦး ကြင် /ကျင်ဖေ - ညွှန်ကြားရေးမှူး-ငြိမ်း မွန်ပြည်နယ်-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၅) ဦးဇော်မြင့်ဖေ - ဒုညွှန်ချုပ်-ငြိမ်း - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၊
၆) ဦးမောင်တိုး - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - မြန်မာ့ပုလဲလုပ်ငန်း၊
၇) ဦးကြည်သာ - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊
၈) ဦးအေးမောက် - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - စက်မှု ၁ ၀န်ကြီးဌာန၊
၉) ဦးသိန်းလွင် - ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း - မြန်မာ့ရေနံဓာတုလုပ်ငန်း၊
၁၀) ဦးတင်မောင်ဦး - ဗိုလ်မှူးကြီး-ငြိမ်း-
၁၁) ဦးဝင်းသန်း - ဒုညွှန်ကြားရေးမှူး-ငြိမ်း-ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊
၁၂) ဦးစောလှထွန်း - ကုမ္ပဏီဥက္ကဋ္ဌ-
၁၃) ဒေါက်တာစိုးမိုးအောင် - ဒုဦးစီးမှူး-ငြိမ်း - တိမွေးကုဦးစီးဌာန၊
၁၄) ဦးစိုးရယ် - လက်ထောက်ညွှန်မှူး-ငြိမ်း - သာသနာရေးဝန်ကြီးဌာန၊
၁၅) ဦးခင်မောင်တင် - သံအမတ်ကြီး-ငြိမ်း -
၁၆) ဦးတင်ဝင်း - ညွှန်ကြားရေးမှူး-ငြိမ်း - ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
၁၇) ဦးအောင်မြင့်ထွန်း - တွဲဘက်ပြည်နယ်ဥပဒေအရာရှိ-ငြိမ်း-ရှမ်းပြည်နယ်၊
၁၈) ဒေါ်သန်းသန်းရီ - ဒုညွှန်မှူး - ငြိမ်း - ပြည်ထောင်စုရှေ့နေချုပ်ရုံး၊
၁၉) ဦးကျော်ဆန်း - တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး-ငြိမ်း - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၀) ဦးအေးဟန် - ညွှန်ကြားရေးမှူး-ငြိမ်း - တနင်္သာရီတိုင်းဒေသကြီး - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၁) ဦးအောင်မြင် - ညွှန်ကြားရေးမှူး-ငြိမ်း -ဧရာဝတီတိုင်း - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၂) ဦးစံရွှေအောင် - အမြဲတန်းအတွင်းဝန်-ငြိမ်း-နယ်စပ်ရေးရာဝန်ကြီးဌာန၊
၂၃) ဦးခင်မောင်ဦး - ဒုညွှန်မှူးချုပ်-ငြိမ်း - ပြည်ထောင်စုရှေ့နေချုပ်ရုံး

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...