ထိုင်းအကျဉ်းဦးစီးဌာန၏ အချက်အလက်များ ထုတ်ပြန်ပြီး ၀င်းနှင့်ဇော်အတွက် တိုက်ခိုက်မည်ဟု Anonymous ပြော

ထိုင်းအကျဉ်းဦးစီးဌာန၏ အချက်အလက်များ ထုတ်ပြန်ပြီး ၀င်းနှင့်ဇော်အတွက် တိုက်ခိုက်မည်ဟု Anonymous ပြော
by -
မဇ္စျိမ
ထိုင်းအကျဉ်းဦးစီးဌာန ၀က်ဘ်ဆိုက်ပေါင်း ၂၀ ကို ပိတ်သွားအောင် ဖောက်ထွင်းခဲ့သည်ဟု ကြွေးကြော်ထားသည့် ဟက်ကာအဖွဲ့က ထောင်ဖောက်ပြေး သူများအား မဖမ်းမိသေးသည့် စာရင်းအချက်အလက်များ အပါအဝင် ထိုင်းအကျဉ်းထောင်စနစ်၏ အချက်အလက်ပေါင်း ၁၀၀ ကိုဟက်ကာဖောက်ထွင်း ရရှိထားသည်။

Blink Hacker Group ဟု ၎င်းတို့ဘာသာ အမည်မှည့်ခေါ်ထားသည့် ဟက်ကာများက Anonymous ဟက်ကာအဖွဲ့ကြီး၏ လက်အောက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား သေဒဏ်စီရင်ခြင်းကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်နေဆဲဖြစ်သည်။

ဇန်နဝါရီ ၂၈ ရက်က ထိုင်းအကျဉ်းဦးစီးဌာန ၀က်ဘ်ဆိုက် ၂၀ စလုံးကိုတိုက်ခိုက်ပြီး အချက်အလက်များ ရယူထားနိုင်ကာ ယင်းအချက်အလက်များကို လူသိရှင်ကြားထုတ်ပြန်ခြင်းဖြင့် ၀င်းနှင့်ဇော်တို့အတွက် ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ဟက်ကာအဖွဲ့ကပြောသည်။

ထိုင်းအကျဉ်းဦးစီးဌာန ၀က်ဘ်ဆိုက်များတွင် တစ်ခုသာအကောင်းအတိုင်းကျန်ပြီးကျန် ၁၉ ဆိုက်စလုံးရပ်တန့်သွားပြီလည်းဖြစ်သည်။

အကျဉ်းဦးစီးဌာနကဟက်ကာအဖောက်ခံ databases အချက်အလက်များကိုbackups  ပြန်မလုပ်သဖြင့် offline ဖြစ်နေဆဲဖြစ်ကြောင်း Anonymous က ဖေ့ဘုတ်ပို့စ်တွင် အတည်ပြုဖော်ပြထားသည်။ တိုက်ခိုက်မှုနောက်ပိုင်း တစ်ပတ်နီးပါးကြာ ဖေဖော်ဝါရီ ၃ ရက်အထိ ယင်းဌာနဝက်ဘ်ဆိုက် ၂၀ တွင် ၁၉ ခုက offline ဖြစ်ကာ ပိတ်ထားရဆဲပင်ဖြစ်သည်။

“မင်းတို့ရဲ့ တရားရေးအကျဉ်းဦးစီးဌာနဆိုက်တွေကို ပြန်လည်တည်ထောင်နိုင်ဖို့အတွက် အချက်အလက်တွေကို ငါတို့က ပြန်ပေးသွားပါမယ်။” ဟု ဟက်ကာ အုပ်စုကရေးသားထားပြီးယင်းဌာန၏ IT ကျွမ်းကျင်မှုက ရှက်ဖွယ်ပါပဲဟူ၍လည်း ပြောဆိုထားသည်။

သို့သော် “အချက်အလက်တွေကို ပြန်ပေးလို့ ငါတို့ကမင်းတို့အပေါ် နှစ်သက်သဘောကျတယ်လို့ မဆိုလိုဘူး။ မင်းတို့ကိုငါတို့ စောင့်ကြည့်နေတယ်” ဟု လည်းရေးသားထားသည်။

မြန်မာအခြေစိုက်ဖြစ်ဖွယ်ရှိသည့် ယင်းBlink Hacker Group က ထိုင်းတော်ဝင်ရဲဌာန ၀က်ဘ်ဆိုက် ၂၉၇ ခုကို ဇန်နဝါရီ ၅ ရက်က ဆိုက်ဘာတိုက်ခိုက်မှုနှင့် တရားစီရင်ရေး ၀က်ဘ်ဆိုက်များကို ဇန်နဝါရီ ၁၅ ဆိုင်ဘာတိုက်ခိုက်မှုများအား မိမိတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြွေးကြော်ထားသည်။

နောက်ပိုင်းတွင် အချက်အလက်များကို ဖောက်ထွင်းယူထားကြောင်း အရှုပ်တော်ပုံ သတင်းအချက်အလက်များကို အများသူငါ သိစေရမည်ဟုထုတ်ပြော လာခဲ့ခြင်းဖြစ်သည်။

ဟက်ကာအဖွဲ့က ထိုင်းတရားရုံးကွန်ပြူတာနက်ဝက်တွင် အသုံးပြုနေကြသူအားလုံး၏ နာမည်၊ ဖုန်းနံပါတ်နှင့် ပတ်စ်ဝက်များ အပါအဝင် ကိုယ်ရေး အချက်အလက်များကို လိုက်လံဖောက်ထွင်း ခဲ့ခြင်းဖြစ်ကြောင်း ပြောထားသော်လည်း တရားသူကြီးများသို့မဟုတ် တရားရုံးအမှုတွဲများနှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်မှ ဖွင့်ချလာခြင်းတော့ မရှိသေးပေ။

ထောင်အတွင်းမှ လွတ်လမ်းအဖြစ် အသုံးပြုနိုင်သည့် သောင်တူးသည့် စီမံကိန်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များနှင့်အတူ အကျဉ်းသား မည်မျှ လွတ်နေပြီး ယခုအထိ ခြေရာခံလိုက်ဖမ်းခြင်းမရှိသည့် သတင်းအချက်အလက်များပါ၀င်သည့် အကျဉ်းထောင်ဝက်ဘ်ဆိုက်၏ အချက်အလက် ဖိုင်များကို ယနေ့ထုတ်ပြန်ခဲ့ပြီဟုလည်း ယင်းဟက်ကာအဖွဲ့က ပြောကြားထားသည်။

သို့သော် ဘန်ကောက်ပို့စ်က ယင်းနှင့်ပတ်သက်ပြီး ထိုအချက်အလက်များ အမှန် ထွက်ပေါ်လာခြင်းရှိမရှိကို သီးခြားအတည်မပြုနိုင်သေးပေ။ ၂၀၁၄ စက်တင်ဘာက လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲအား သတ်မှုဖြင့် သေဒဏ်ပေးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦးအား ဘန်ကာဝန်အကျဉ်းထောင်ရှိ တိုက်အတွင်းတစ်နေ့ကို၂၄ နာရီပတ်လုံး လက်နှင့်ခြေအား သံချင်းခတ်ထားခြင်းအပေါ် အကျဉ်းဦးစီးဌာနအနေဖြင့် ပယ်ဖျက်ပေးပြီးမှ အရေးကြီးသည့် အချက်အလက်ဖိုင်များ ပြန်ပေးဖို့ ဆုံးဖြတ်ထားကြောင်းကိုလည်း ယင်းအဖွဲ့ကပြောသည်။

ရွှေ့ပြောင်းလုပ်သားများကွန်ရက် တက်ကြွလှုပ်ရှားသူအင်ဒီဟောလ်၏ ဖေဖော်ဝါရီ ၁ ရက် တွစ်တာတွင်မူ ၀င်းနှင့်ဇော်တို့နှစ်စလုံးကို သံချင်းဖြုတ်ပေး ထားပြီးဖြစ်ပြီး ဘန်ကာဝန် အကျဉ်းထောင်အတွင်း အခြားအကျဉ်းသားများနှင့်အတူ သွားလာခွင့်လည်း ပြုထားကြောင်း ရေးသားထားသည်။

ခရစ္စမတ်အကြိုနေ့တွင် မြန်မာနှစ်ဦးကို ယခုကဲ့သို့ သေဒဏ်စီရင်ချက်ချလိုက်ခြင်းအပေါ် ဆန့်ကျင်လျက် ထိုင်းတရားစီရင်ရေးစနစ်အား ၎င်းတို့၏ ဆိုင်ဘာတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း ဟက်ကာအုပ်စုက ကတိပြုထားသည်။

သေဒဏ်ပေးခံရသည့် မြန်မာနှစ်ဦးသည် ၎င်းတို့ ကျုးလွန်ခြင်းမရှိသည့် အမှုအတွက် ထိုင်းရဲတို့၏ နှိပ်စက်ညှင်းပန်းခြင်းခံရပြီး အတင်း ၀န်ခံခိုင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က အခိုင်အမာ ပြောကြားထားသည်။ ၎င်းမြန်မာနှစ်ဦးအပေါ်မေးခွန်းထုတ်စရာများ ရှိနေသည့် ဒီအန်အေသက်သေဖြင့် ထိုင်းတရားရုံးက သေဒဏ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

Anonymous ဟက်ကာအဖွဲ့ကြီးသည် စီးပွားရေးလုပ်ငန်းများ၊ အစွန်းရောက်အုပ်စုများနှင့် လူမှုအသိုက်အဝန်းစံများနှင့် မကိုက်ညီသည့် အစိုးရများကို ဆိုင်ဘာတိုက်ခိုက်မှုများ ဆင်နွှဲနေသည့် အဖွဲ့ဖြစ်သည်။ အဆွယ်အပွားဟက်ကာ အုပ်စုများကလည်း ၎င်းတို့၏ ဆိုင်ဘာတိုက်ခိုက်မှုများကို Anonymous အဖွဲ့က ထောက်ပံ့မှုပေးကြောင်း မကြာခဏ အတည်ပြုပြောကြားကြသည်။

သို့သော် Anonymous က လိပ်ကျွန်းအမှုတွင် စီရင်ဆုံးဖြတ်မှုများနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများလည်း ရှိထားသည်။ ၎င်းအဖွဲ့ကလိပ်ကျွန်းအမှု စုံစမ်းစစ်ဆေးမှုများမှ အနာအဆာများကို အသေးစိတ်ပြသမည့် မိနစ်လေးဆယ်စာ ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ရန်လည်း စီစဉ်ထားပြီး ထိုင်းအစိုးရနှင့် ရဲဌာနအပေါ် ဆိုင်ဘာတိုက်ခိုက်မှုများကို ထောက်ခံပေးလျက်ရှိသည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...