လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းပြီးပါက သမ္မတအမည်စာရင်းတင်မည်

လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းပြီးပါက သမ္မတအမည်စာရင်းတင်မည်
by -
မဇ္စျိမ
ဖေဖော်ဝါရီ ၁ရက်နေ့တွင် စတင်ကျင်းပသည့်ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓါတ်ပုံ၊ ဟိန်းကိုစိုး။
ဖေဖော်ဝါရီ ၁ရက်နေ့တွင် စတင်ကျင်းပသည့်ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓါတ်ပုံ၊ ဟိန်းကိုစိုး။
၂၀၁၅ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်များအတွင်း ရေးရာကော်မတီများဖွဲ့စည်းပြီးပါက သမ္မတအမည်စာရင်းကို တင်သွင်းသွားရန်ရှိသည်ဟု ပါတီဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်က ဖေဖော်ဝါရီ ၁ရက်နေ့တွင်ပြောသည်။

၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် နောင်ချို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ NLD ပါတီဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သူ ဦးထွန်းထွန်းဟိန်က မဇ္စျိမကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

"အန်ကယ်သိသလောက်တော့ လွှတ်တော်ရေးရာကော်မတီတွေဖွဲ့မယ်။ ပြီးရင်သမ္မတရွေးမယ်ပေါ့လေ။ အမည် စာရင်းတင်သွင်းရမှာတွေရှိပါတယ်။ သမ္မတအမည်စာရင်းတင်သွင်းပြီးတော့မှ သမ္မတကနေ အစိုးရအဖွဲ့ ဖွဲ့ဖို့က ဖြစ်နိုင်တာပါ။ အဲဒါထိအန်ကယ်ယူဆချက်အရပြောမယ်ဆိုရင်တော့ အန်ကယ်တို့က မတ်လမှပဲ အစိုးရအဖွဲ့မှာ ဘယ်သူတွေပါနိုင်မယ်ဆိုတာကို စဉ်းစားလို့ရမယ်လို့ပြောချင်တယ်။" ဟု ဦးထွန်းထွန်းဟိန်ကပြောသည်။

လက်ရှိပြည်သူ့လွှတ်တော်၌ အမြဲတမ်းကော်မတီ ၄ခုအပါအဝင် ရေးရာကော်မတီ/ကော်မရှင် ၂၄ခုနှင့်၊ အမျိုးသားလွှတ်တော်၌မူ ရေးရာကော်မတီ/ကော်မရှင် ၂၁ခုထိရှိသည်။

ပါတီ၏ နာယကတစ်ဦးဖြစ်သူ ဦးတင်ဦးကလည်း နိုင်ငံကိုဦးဆောင်မည့်သူ သမ္မတက ဒေါ်အောင်ဆန်းစု ကြည်သာ ဖြစ်ရမည်ဟု ဖေဖော်ဝါရီ ၂ရက်နေ့က သတင်းမီဒီယာများကိုပြောကြားထားသည်။

၂၀၀၈ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ)ပါ မိမိ၏ တရားဝင်ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွေးမ၊ သားမတ်တို့ကနိုင်ငံခြားသားမဖြစ်စေရဆိုသည့် ပြဋ္ဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးကို တားမြစ်ခံထား ရသည်။

ရွေးကောက်ပွဲအနိုင်ရပါတီ NLD က တင်သွင်းမည့် သမ္မတအပါအဝင် အစိုးရအဖွဲ့ကိုမူ ပြည်သူများသို့ ချပြနိုင်ခြင်း မရှိသေးသည့်အပြင် ပါတီအတွင်း အပြီးအစီး ဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အစည်းအဝေးဖြင့် ဆုံးဖြတ်သွားမည်ဟုလည်း ၄င်းကပြောသည်။

"အန်ကယ်သိသလောက် အစိုးရဖွဲ့ဖို့ရွေးတာ စီအီးစီမှာ ဆုံးဖြတ်ချက်မကျသေးဘူး။ ပြောချင်တာက NLD ကစုပေါင်းပြီး ခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီပါ။ စီအီးစီဆုံး ဖြတ်ချက်ကျမှသာ အတည်ဖြစ်လာနိုင်တာပါ။ နေပြည်တော်မှာ စီအီးစီ ၁၅ဦးမှာ နေပြည်တော် ၉ဦး၊ နယ် ၂ဦး၊ ကျန်တာ ရန်ကုန်မှာ၄ ဦးရှိတယ်။ အများစု ဆုံးဖြတ်တာ အတည်ဖြစ်မှာပါ။" ဟု ဦးထွန်းထွန်းဟိန်ကဆိုသည်။

NLD၏ စီအီးစီအစည်းအဝေးကို တစ်လလျှင်နှစ်ကြိမ်( ၁၅ရက်တစ်ကြိမ်) ပုံမှန်ကျင်းပနေပြီး အရေးကြီး အကြောင်းအရာများ ရှိပါက အရေးပေါ်အစည်းအဝေးများကို ခေါ်ယူကျင်းပလေ့ရှိသည်။ ပုံမှန် စီးအီးစီအစည်းအဝေးကို ဇန်နဝါရီ ၄ရက်နေ့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။

လက်ရှိတွင် NLD ပါတီက ဖေဖော်ဝါရီ ၁ရက်နေ့တွင်စတင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၌ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများအဖြစ် ဦးဝင်းမြင့်နှင့် ဦးတီခွန်မြတ်တို့ကို ရွေးချယ်ပြီးဖြစ်သည်။ ဖေဖော်ဝါရီ ၃ရက် (ယနေ့) တွင်စတင်ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများအဖြစ် ဦးမန်းဝင်းခိုင်သန်းနှင့် ဦးအေးသာအောင်တို့ကို ရွေးချယ်လိုက်သည်။

NLD က ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၏ ပြည်သူ့လွှတ်တော်နေရာ ၂၅၅နေရာ၊ အမျိုးသားလွှတ်တော် ၁၃၅နေရာ၊ တိုင်း၊ပြည်နယ်လွှတ်တော် ၄၇၅နေရာနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် ၂၁နေရာတို့ကို အနိုင်ရရှိထားသည့် ပါတီလည်းဖြစ်သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...