“နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) ကို အမိနိုင်ငံတော်အတွက် ထာဝရ မပြောင်းမလဲ တည်ရှိစေလို” ဟု ခေါင်းစဉ်တပ်ထားသည့် ဆောင်းပါးတွင် ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးရှင် စိုင်းဝေဋ္ဌု ဆိုသူက ရေးသားထားခြင်းဖြစ်ပြီး ထိုပုဒ်မသည် တစ်ဦး တစ်ယောက်ကို ရည်ရွယ်သည့် ပုဂ္ဂိုလ်ရေးဖြင့် ကန့်သတ်ထားသည့် ပုဒ်မ မဟုတ်ဟုလည်း ငြင်းချက်ထုထ်ထားသည်။
“ပုဒ်မ ၅၉(စ)ကို မဖျက်စေချင်တာ ပုဂ္ဂိုလ်ရေးလားဟု ေးမချင်သူများ ရှိနေပါလိမ့်မည်။ ပုဂ္ဂိုလ်ရေး နှမ်းတစ်စေ့မျှ မပါပါခင်ဗျား။ သမိုင်းပေးနှင့် အမျိုးသားရေး တာဝန်သာဖြစ်ကြောင်း တင်ပြလိုပါသည်” ဟု ဆောင်းပါးရှင်က ဆိုသည်။
“ယနေ့ နိုင်ငံကြီးအချို့သည် ထိုသို့သော လူမျိုးများနှင့် နိုင်ငံရေး အပေးအယူလုပ်ကာ ထောက်ပံ့ပေးခြင်းအားဖြင့် နိုင်ငံငယ်များအား မိမိ သြဇာခံနိုင်ငံဖြစ်ရန် ကြိုးပမ်း၍ ခေတ်သစ် ကိုလိုနီ နယ်ချဲ့ နည်းစနစ်ဖြင့် နယ်ချဲ့လိုကြပေသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးအား နိုင်ငံ၏ အရေးကြီးသည့် ထိပ်ပိုင်းနေရာများတွင် တာဝန်ပေးအပ် ထမ်းဆောင်စေမည်ဆိုပါက တစ်နွယ်ငင် တစ်စင်ပါ ဆိုသကဲ့သို့ သက်ဆိုင်ရာ မျိုးနွယ်၊ သက်ဆိုင်ရာ နိုင်ငံများ၏ ပါဝင် ပတ်သက်လွှမ်းမိုးမှု၊ ချုပ်ကိုင်မှု၊ အပေးအယူ ပြုလုပ်မှု၊ ခြယ်လှယ်မှုများ ရှိနိုင်ပေသည်။ ထိုအခါ မိမိနိုင်ငံသည်လည်း ကျွန်ပြု မခံရဘဲ အလိုလို ကျွန်ဘဝ ရောက်သွားနိုင်ပေသည်။” ဟု ရေးသားထားသည်။
“နိုင်ငံ ဦးသျှောင် အရည်အချင်း သတ်မှတ်ရာမှာ ရေရှည်ကို မျှော်တွေးထားဖို့ လိုပါသည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း နိုင်ငံသားအားလုံး၏ အထွဋ်အထိပ်နေရာကိုယူမည့် နိုင်ငံတော် သမ္မတသည် နိုင်ငံသားအားလုံး အကြွင်းမဲ့ သံသယ ကင်းရှင်းစွာ ယုံကြည် စိတ်ချရသော နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာ စောင့်သိသည့် တိုင်းရင်းသားလူမျိုး နိုင်ငံသားများသာလျှင် ဖြစ်သင့်ပါသည်။ ထိုသို့ အကြွင်းမဲ့ ယုံကြည်စိတ်ချရသူ ဖြစ်စေရန် နိုင်ငံ့ဦးသျှောင် နိုင်ငံတော် အကြီးအကဲ၏ မိသားစုဝင် များဟာလည်း တိုင်းတစ်ပါး၏ ကျေးဇူးသစ္စာ ခံယူသူများ မဖြစ်သင့်ပါ” ဟု ဆောင်းပါးရှင်က ဆိုသည်။
တိုက်ဆိုင်စွာပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ လွှမ်းမိုးထားသည့် ဒုတိယအကြိမ် လွှတ်တော်ကိုလည်း ဖေဖေါ်ဝါရီ ၁ တွင် စတင် ကျင်းပနေပြီဖြစ်သည်။ ဖေဖေါ်ဝါရီ ၁ ရက် ကျင်းပသည့် လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဦးတီခွန်မြတ်ကို ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တင်မြောက်ခဲ့သည်။
သူရဦးရွှေမန်း၏ ထံမှ လွှတ်တော်အကြီးအကဲရာထူးကို လွှဲပြောင်းရယူခဲ့သူ ဦးဝင်းမြင့်ကမူ သူ၏ ပထမဆုံး မိန့်ခွန်းတွင် ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသည့် ဥပဒေများကို ပြင်ဆင်နိုင်ရန် သူ၏ လွှတ်တော်အမတ်များကို တိုက်တွန်းသည်။
“တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီ၊ မညီ လူ့အခွင့်အရေးစံနှုန်းများနဲ့ ကိုက်၊ မကိုက် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ဆီလျော်မှုရှိ၊ မရှိ နိုင်ငံတကာ စာချုပ်၊ စာတမ်းများနဲ့အကျံုးဝင်၊ မဝင် ပြည်သူလူထုအတွက် အကျိုးရှိ၊ မရှိ ပြည်သူလူထုရဲ့ ဘဝလုံခြံုရေးနဲ့ စိတ်လုံခြံုရေးကို အကာအကွယ် ပေး၊ မပေးတို့ကို လေ့လာစီစစ်ကြပြီး ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်၏ မိန့်ခွန်းတွင် ပါရှိသည်။







