''အခက်အခဲတွေ၊ အချိန်ရဲ့ စိန်ခေါ်မှုတွေ ကိုကျော်လွှားနိုင်ဖို့ ဝိုင်းဝန်းကျိုးပန်းခဲ့ကြတဲ့ UPDJC ခေါင်းဆောင်များနဲ့ Technical Team တွေကို ကျွန်တော့အနေနဲ့ အထူးဘဲကျေးဇူးတင်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ခြင်းဟာ ကျွန်တော်တို့ အစိုးရရဲ့ သမိုင်းသာ မဟုတ်ဘဲ ခင်ဗျားတို့ ကျနော်တို့ အားလုံးရဲ့ သမိုင်းဖြစ်တယ်ဆိုတာကို ကျနော်ဒီနေရာကနေ ပြောချင်တယ်။'' ဟု ၄င်းက ဆိုသည်။
အစိုးရအနေဖြင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား နောင် ကျင်းပမည့် ညီလာခံများ၏ အုတ်မြစ်အဖြစ် အခြေခံကောင်းများ ထားရှိရန် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ NCA သဘောတူစာချုပ်၏ အချိန်ဇယားနှင့် ရည်မှန်းချက်များ အတိုင်း ဆောင်ရွက်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ဇန်နဝါရီ ၁၂ မှ ၂၂ ရက်အထိ ဆောင်ရွက် လိုသော်လည်း ဆွေးနွေးဖက်များ၊ Stakeholder များ၏ မေတ္တာရပ်ခံမှုကြောင့် ၅ ရက်ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည် ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။
ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စတုတ္တအကြိမ် အစည်းအဝေးတွင် (UPDJC) ဒုတိယဥက္ကဌများဖြစ်ကြသည့် အစိုးရအဖွဲ့ ကိုယ်စားလှယ်၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ်၊ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်ရေးမှူး ပဒိုကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေတို့ကလည်း အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက် တွင် ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း ဇန်နဝါရီ ရ ရက်က အရေးပေါ် အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ထားသည်။
''ညီလာခံကို ကျွန်တော်တို့ တက်ရောက်မှာမဟုတ်ပါဘူး။ အဓိက အခြေအနေ ၃ ချက်အပေါ်မှာ ဦးတည်ပြီး အဲဒီသဘောထားကို ဆုံးဖြတ်တာ ဖြစ်ပါတယ်၊ တစ်ဖွဲ့ချင်းလည်း တက်ရောက်မှာ မဟုတ်ဘူး'' ဟု UNFC ၏ အထွေထွေတွဲဘက် အတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောသည်။
အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ (၈) ဖွဲ့တို့ပြုလုပ်မည့် ဆွေးနွေးပွဲ သို့ '၀'သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA က တက်ရောက်မည်မဟုတ်ကြောင်း ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဇန်နဝါရီ ၈ ရက်နေ့က မဇ္ဈိမသို့ပြောကြားသည်။







