"မနေ့က အိမ် ၆လုံး နောက်ထပ် အိမ် ၂၆ လုံးထပ်ဖယ်ရပါတယ် ဘယ်ရွှေ့ပေးရမလဲတော့ မသိသေးဘူး။ အခုလောလောဆယ်တော့ အနားက ကျောက်ကွင်းမှာ အရေးပေါ် ဒုက္ခသည်စခန်း ဖွင့်ထားရတယ်"ဟု အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က မဇ္ဇိုမသို့ အတည်ပြု ပြောကြားသည်။
အဆိုပါ ငဝန်မြစ်ကမ်းပါးသည် နှစ်စဉ် ကမ်းပြိုလေ့ရှိသော်လည်း ယခုနှစ်တွင် အများဆုံးဖြစ်ပြီး အနှစ် ၄၀ အတွင်း အဆိုးရွားဆုံး ကမ်းပြိုမှုဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
"အခုလောလောဆယ် ရပ်ကျေးက စီစဉ်ပေးတဲ့နေရာက ပိုင်ရှင်မရှိတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် သူတို့ အလုပ်လုပ်ကိုင်ဖို့တွေက် အရမ်းဝေးတဲ့နေရာဖြစ်နေတယ်။ ရေအခက်အခဲရှိတယ်။ သူတို့ အလုပ်အကိုင်အဆင်ပြေတဲ့ နေရာမှာ မြေကွက်ကို ချထားပေးဖို့ မြို့နယ်ကို တင်ပြဖို့ ရှိပါတယ်"ဟု လေးမျက်နှာမြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဇော်မင်းသိန်းက မဇ္စျိမသို့ ဖြေကြား သည်။
မြေအက်ကြောင်းများဖြစ်ပေါ်နေပြီး ဒီဇင်ဘာ ၁၄ရက်နေ့၊ နေ့လည်ပိုင်းအချိန်အထိ ကမ်းပါးထပ်မံ ပြိုကျနေကြောင်း တွေ့ရသည်။
အဆိုပါ အိမ်များအား မီးသတ်တပ်ဖွဲ့မှ ကူညီ၍ နေရာရွှေ့ပြောင်းပေးနေပြီး လမ်းမီးတိုင်များအားလည်း တူးဖော်ရွှေ့ပြောင်းနေရကြောင်း တွေ့ရသည်။
"ဗြုန်းစားကြီး ဒီလိုဖြစ်တော့ စိတ်ညစ်တာပေါ့။ မနှစ်က မပြေလည်တော့ ဒီနှစ် အိမ်မဆောက်နိုင်ဘူး။ ဒါလေးနဲ့ပဲ ကပ်နေမယ်ဆိုပြီး နေနေရတာပါ ယောကျင်္ားကလည်း မျက်စိကွယ်နေတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားနေရတာပါ ၃တန်းတက်နေတဲ့ သားလေးလည်းရှိပါတယ်။ အခု ဒီလိုဖြစ်တော့ အန်တီတို့မှာ ဘယ်နားသွားနေရတော့မှန်း မသိတော့ပါဘူးကွယ်"ဟု အိမ်ပြောင်းရွှေ့နေသူ အမျိုးသမီးတစ်ဦးက မဇ္ဇိုမသို့ ပြောသည်။
ဒီဇင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်း ၁၀နာရီအထိ ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ခြေ ၃၂ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၃၂ စု ကျား ၆၄ မ ၆၇ ရှိပြီး ထိုအထဲတွင် ၁၂နှစ်အောက်ကလေး ၄၄ ဦး စုစုပေါင်း ၁၃၁ ယောက်ရှိကြောင်း ကနေဦးကောက်ယူ ထားသော စာရင်းများအရ သိရသည်။
ယခုအချိန်အထိ ဒေသဆိုင်ရာအာဏာပိုင်နှင့် စေတနာရှင်ပြည်သူအချို့၏ ဆန်လှူဒါန်းမှုရှိ နေသော်လည်း ဆောင်းတွင်းကာလဖြစ် သည့်အတွက် အနွေးအထည်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။







