လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရ

လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရ
by -
မဇ္ဈိမ
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၅ ခုနှစ်။ မဇ္စျိမ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ငဝန်မြစ်ကမ်း ကမ်းနားရပ်ကွက်တွင် ဒီဇင်ဘာ ၁၄ရက်နေ့ မနက် ၁နာရီခွဲအချိန်က ကမ်းပြိုကျခဲ့ရာ အိုင်သပြုကမ်းနား တစ်လျောက်ရှိ နေအိမ် ၃၀ ကျော် အရေးပေါ် ရွှေ့ပြောင်းနေ ရကြောင်း သိရသည်။

"မနေ့က အိမ် ၆လုံး နောက်ထပ် အိမ် ၂၆ လုံးထပ်ဖယ်ရပါတယ် ဘယ်ရွှေ့ပေးရမလဲတော့ မသိသေးဘူး။ အခုလောလောဆယ်တော့ အနားက ကျောက်ကွင်းမှာ အရေးပေါ် ဒုက္ခသည်စခန်း ဖွင့်ထားရတယ်"ဟု အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က မဇ္ဇိုမသို့ အတည်ပြု ပြောကြားသည်။

အဆိုပါ ငဝန်မြစ်ကမ်းပါးသည် နှစ်စဉ် ကမ်းပြိုလေ့ရှိသော်လည်း ယခုနှစ်တွင် အများဆုံးဖြစ်ပြီး အနှစ် ၄၀ အတွင်း အဆိုးရွားဆုံး ကမ်းပြိုမှုဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

"အခုလောလောဆယ် ရပ်ကျေးက စီစဉ်ပေးတဲ့နေရာက ပိုင်ရှင်မရှိတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် သူတို့ အလုပ်လုပ်ကိုင်ဖို့တွေက် အရမ်းဝေးတဲ့နေရာဖြစ်နေတယ်။ ရေအခက်အခဲရှိတယ်။ သူတို့ အလုပ်အကိုင်အဆင်ပြေတဲ့ နေရာမှာ မြေကွက်ကို ချထားပေးဖို့ မြို့နယ်ကို တင်ပြဖို့ ရှိပါတယ်"ဟု လေးမျက်နှာမြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဇော်မင်းသိန်းက မဇ္စျိမသို့ ဖြေကြား သည်။

မြေအက်ကြောင်းများဖြစ်ပေါ်နေပြီး ဒီဇင်ဘာ ၁၄ရက်နေ့၊ နေ့လည်ပိုင်းအချိန်အထိ ကမ်းပါးထပ်မံ ပြိုကျနေကြောင်း တွေ့ရသည်။

အဆိုပါ အိမ်များအား မီးသတ်တပ်ဖွဲ့မှ ကူညီ၍ နေရာရွှေ့ပြောင်းပေးနေပြီး လမ်းမီးတိုင်များအားလည်း တူးဖော်ရွှေ့ပြောင်းနေရကြောင်း တွေ့ရသည်။

"ဗြုန်းစားကြီး ဒီလိုဖြစ်တော့ စိတ်ညစ်တာပေါ့။ မနှစ်က မပြေလည်တော့ ဒီနှစ် အိမ်မဆောက်နိုင်ဘူး။ ဒါလေးနဲ့ပဲ ကပ်နေမယ်ဆိုပြီး နေနေရတာပါ ယောကျင်္ားကလည်း မျက်စိကွယ်နေတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားနေရတာပါ ၃တန်းတက်နေတဲ့ သားလေးလည်းရှိပါတယ်။ အခု ဒီလိုဖြစ်တော့ အန်တီတို့မှာ ဘယ်နားသွားနေရတော့မှန်း မသိတော့ပါဘူးကွယ်"ဟု အိမ်ပြောင်းရွှေ့နေသူ အမျိုးသမီးတစ်ဦးက မဇ္ဇိုမသို့ ပြောသည်။

ဒီဇင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်း ၁၀နာရီအထိ ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ခြေ ၃၂ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၃၂ စု ကျား ၆၄ မ ၆၇ ရှိပြီး ထိုအထဲတွင် ၁၂နှစ်အောက်ကလေး ၄၄ ဦး စုစုပေါင်း ၁၃၁ ယောက်ရှိကြောင်း ကနေဦးကောက်ယူ ထားသော စာရင်းများအရ သိရသည်။

ယခုအချိန်အထိ ဒေသဆိုင်ရာအာဏာပိုင်နှင့် စေတနာရှင်ပြည်သူအချို့၏ ဆန်လှူဒါန်းမှုရှိ နေသော်လည်း ဆောင်းတွင်းကာလဖြစ် သည့်အတွက် အနွေးအထည်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...