"နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားတာ မရှိသေးဘူး။ အကြောင်းကြားရင် ကျွန်တော့်ဆီကို ရောက်မယ်။ အခုထိတော့ မရောက်သေးဘူး။"ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကျန်ရှိနေသည့် နောက်ဆုံးအသုတ် ရ၇ ဦး လုံးအား လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ လုပ်ကိုင်ပြီးစီးနေပြီဖြစ်ပြီး၊ အားလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည့် ဘင်္ဂါလီလူမျိုးများသာ ဖြစ်သည်ဟု ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးခင်စိုးက မဇ္ဈိမသို့ ပြောသည်။
ယင်း ရ၇ဦးသည် ရခိုင်ပြည်နယ် မြန်မာ့ရေပိုင်နက်အတွင်းတွေ့ရှိသူ ၄၄ ဦးနှင့်၊ ကော့သောင်းမြို့ မြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိသူ ၃၃ ဦးတို့ ဖြစ်သည်။
"ဘင်္ဂလားဒေ့ရှ်က သူတို့ဖက်မှာ စိစစ်မှုတွေ လုပ်နေပြီး၊ မြန်မာဖက်နဲ့ သူတို့နိုင်ငံဖက်က ကောင်စစ်ဝန် တွေ ချိတ်ဆက်လုပ်နေတယ်လို့ သိရတယ်။ ခေါ်မယ့်အချိန်တော့ မသိရသေးဘူး။ လွှဲဖို့အချိန်ကိုက နိုင်ငံခြားရေးကနေ တိုင်းအစိုးရကို အကြောင်းကြားမှ ကျွန်တော်တို့က သိတာပါ။" ဟု ဦးခင်စိုးက ပြောသည်။
မြန်မာရေပိုင်နက်များအတွင်းမှ တွေ့ရှိရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် အတည်ပြုပြီးသူ စုစုပေါင်း ရ၃၁ ဦး မှ ၁၅၀ ဦး တစ်ကြိမ်၊ ၃၇ ဦးတစ်ကြိမ်၊ ၁၅၅ ဦးတစ်ကြိမ်၊ ၁၂၅ ဦးတစ်ကြိမ်၊ ၁၅၉ ဦးတစ်ကြိမ်၊ ၁၀၅ ဦးတစ်ကြိမ် စုစုပေါင်း ၆ ကြိမ် အထိ အသီးသီးလွှဲပြောင်းပြီးပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းကလည်း နောက်ဆုံးလက်ကျန် ရ၇ ဦးအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရမည့်ရက် အတိအကျ မရရှိသေးကြောင်းနှင့် အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကောင်စစ်ဝန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဆောင်ရွက်နေသည်ဟု မဇ္ဈိမသို့ ပြောသည်။
၎င်းတို့ကို လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်အတွင်းရှိ ထိန်းသိမ်းရေး စခန်းများတွင် ခေတ္တ ထိန်းသိမ်းထားသည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။







