လက်ကျန်ဘင်္ဂါလီ ရ၇ဦး လွှဲပြောင်းလက်ခံရန် ဘင်္ဂလားဒေ့ရှ်မှ အကြောင်းမကြားသေး

လက်ကျန်ဘင်္ဂါလီ ရ၇ဦး လွှဲပြောင်းလက်ခံရန် ဘင်္ဂလားဒေ့ရှ်မှ အကြောင်းမကြားသေး
by -
မဇ္ဈိမ
နောက်ဆုံးလက်ကျန် ဘင်္ဂါလီ ရ၇ ဦးကို လွှဲပြောင်းလက်ခံရယူမည့်ရက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြောင်းကြားလာခြင်း မရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ဦးအောင်လင်းက အောက်တိုဘာ ၁၆ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

"နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားတာ မရှိသေးဘူး။ အကြောင်းကြားရင် ကျွန်တော့်ဆီကို ရောက်မယ်။ အခုထိတော့ မရောက်သေးဘူး။"ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကျန်ရှိနေသည့် နောက်ဆုံးအသုတ် ရ၇ ဦး လုံးအား လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ လုပ်ကိုင်ပြီးစီးနေပြီဖြစ်ပြီး၊ အားလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည့် ဘင်္ဂါလီလူမျိုးများသာ ဖြစ်သည်ဟု ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးခင်စိုးက မဇ္ဈိမသို့ ပြောသည်။

ယင်း ရ၇ဦးသည် ရခိုင်ပြည်နယ် မြန်မာ့ရေပိုင်နက်အတွင်းတွေ့ရှိသူ ၄၄ ဦးနှင့်၊ ကော့သောင်းမြို့ မြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိသူ ၃၃ ဦးတို့ ဖြစ်သည်။

"ဘင်္ဂလားဒေ့ရှ်က သူတို့ဖက်မှာ စိစစ်မှုတွေ လုပ်နေပြီး၊ မြန်မာဖက်နဲ့ သူတို့နိုင်ငံဖက်က ကောင်စစ်ဝန် တွေ ချိတ်ဆက်လုပ်နေတယ်လို့ သိရတယ်။ ခေါ်မယ့်အချိန်တော့ မသိရသေးဘူး။ လွှဲဖို့အချိန်ကိုက နိုင်ငံခြားရေးကနေ တိုင်းအစိုးရကို အကြောင်းကြားမှ ကျွန်တော်တို့က သိတာပါ။" ဟု ဦးခင်စိုးက ပြောသည်။

မြန်မာရေပိုင်နက်များအတွင်းမှ တွေ့ရှိရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် အတည်ပြုပြီးသူ စုစုပေါင်း ရ၃၁ ဦး မှ ၁၅၀ ဦး တစ်ကြိမ်၊ ၃၇ ဦးတစ်ကြိမ်၊ ၁၅၅ ဦးတစ်ကြိမ်၊ ၁၂၅ ဦးတစ်ကြိမ်၊ ၁၅၉ ဦးတစ်ကြိမ်၊ ၁၀၅ ဦးတစ်ကြိမ် စုစုပေါင်း ၆ ကြိမ် အထိ အသီးသီးလွှဲပြောင်းပြီးပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းကလည်း နောက်ဆုံးလက်ကျန် ရ၇ ဦးအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရမည့်ရက် အတိအကျ မရရှိသေးကြောင်းနှင့် အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကောင်စစ်ဝန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဆောင်ရွက်နေသည်ဟု မဇ္ဈိမသို့ ပြောသည်။

၎င်းတို့ကို လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်အတွင်းရှိ ထိန်းသိမ်းရေး စခန်းများတွင် ခေတ္တ ထိန်းသိမ်းထားသည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...