သူငယ်တန်းကျောင်းသား သုံးဦးကို ရိုက်သည့် ကျောင်းအုပ်ဆရာမကြီးအား တိုင်ကြားမှု တရားရုံးလက်ခံ

သူငယ်တန်းကျောင်းသား သုံးဦးကို ရိုက်သည့် ကျောင်းအုပ်ဆရာမကြီးအား တိုင်ကြားမှု တရားရုံးလက်ခံ
by -
မဇ္ဈိမ
အောင်ကိုဦး (မဇ္စျိမ) - မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ သစ်ခေါက်ကျေးရွာအုပ်စုရှိ သစ်ခေါက်မူလတန်းကျောင်းတွင် ကျောင်းအုပ် ဆရာမကြီးက သူငယ်တန်း ကျောင်းသားသုံးဦးအား ရိုက်နှက်ရာ ဒဏ်ရာရရှိခဲ့သဖြင့် ကျောင်းသားမိဘက တရားရုံးသို့ ဦးတိုက်လျောက်ထားမှုကို ဇူလိုင် ၂၃ရက်က လက်ခံစစ်ဆေး နေပြီဟု ကျောင်းသားတစ်ဦးမိဘဖြစ်သူ ဦးရင်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

“အရိုက်ခံရတာက ၂၂-ရက်နေ့ (ဇူလိုင်)ကပါ။ နောက်နေ့ ကျောင်းသွားဖို့ ပြောတော့ မသွားချင်ဘူး ပြောနေလို့မေးမှ အရိုက်ခံရတဲ့ ဒဏ်ရာတွေကို ပြတယ်။ မိဘတွေလည်း သိသွားပြီး အားလုံး မကျေနပ်ကြလို့ ရဲစခန်းကို ကျောင်းသား မိဘတွေနဲ့ သွားပြီးတိုင်တယ်။ ဒါပေမယ့် ရဲအရေးမပိုင်တဲ့ အတွက် တရားရုံးကို ဦးတိုက်လျှောက်ပါဆိုလို့ ဒီနေ့ပဲ လျှောက်ခဲ့တာပါ״ဟု ၎င်းက ပြောသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က “ကလေးကို ရိုက်မိတယ်။ ဒါပေမယ့် သာမန်ရိုက်ခြင်းမျိုး ပါ။ တော်စေချင်။ တတ်စေချင် တဲ့စေတနာနဲ့ ရိုက်မိတာပါ။ ဆရာတစ်ဦးက တပည့်တစ်ယောက်ကို ရိုက်ပြီး ဆုံးမတာဟာ အပြစ်မဟုတ်ပါဘူး။

သူတို့ဟာ ကျွန်မဝမ်းနဲ့ လွယ်မမွေးရရုံပါပဲ။ ကိုယ့်သားသမီးတွေလို ဆက်ဆံတာပါ။ အခုလို တိုင်တယ်ဆိုတာ နားမလည်ဘူး။ ကျိုးသွားတယ်။ ကန်းသွားတယ်ဆိုရင် ကျွန်မ အပြစ်ကိုခံယူပါမယ်။ မိဘတွေကိုလည်း တောင်းပန်နေတယ်။ ကျေနပ်တဲ့ အထိတော့ တောင်းပန်ရမှာပေါ့။ ကျွန်မကတော့ အပြစ်မရှိဘူးလို့ ယုံတယ်״ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါကျောင်းတွင် သူငယ်တန်ကျောင်းသား ကျောင်းသူ ၂၀ဦးခန့်ရှိပြီး၊ မဇူးဇူးဇင်၊ မောင်ဖြိုးပြည့်အောင်၊ မနှင်းယုဝေတို့ အရိုက်ခံခဲ့ရခြင်းဖြစ်သည်။ ထိုကျောင်းမှ ကျောင်းသား အများစုမှာ စွယ်စုံကျေးရွာမှသာဖြစ်၍ အနည်းစုမှာ သစ်ခေါက်ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

“ထန်းလက်ပြားနဲ့ ရိုက်တာလို့ သမီးက ပြောတယ်။ ကျွန်တော်တို့ မကျေနပ်ဘူး။ တရားရုံးကို ဦးတိုက် လျှောက်ခဲ့လို့ ဒီနေ့ပဲ ကျွန်တော်တို့ဘက်ကို စပြီးစစ်ဆေးတယ်״ဟု အရိုက်ခံရသူ မဇူးဇူးဇင်၏ ဖခင်ဖြစ်သူ စွယ်စုံကျေးရွာမှ ဦးကြည်မောင်ထွန်းက ပြောသည်။

ဆက်လက်ပြောဆိုသည်မှာ ယခင်ကလည်း အလားတူ ရိုက်နှက်မှုများရှိခဲ့သော်လည်း တိုင်ကြားခဲ့ခြင်း မရှိဟု ဆိုသည်။

သစ်ခေါက်မူလတန်းကျောင်းမှ စတုတ္ထတန်းတွင် သင်ကြားနေသည့် ဆရာမ ဒေါ်သီတာကေဇင်လတ်က “ကျွန်မတို့က တတ်စေချင်လို့ အားနဲ့ခွန်နဲ့ သင်ပေးနေတာပါ။ တခါတရံ စေတနာဒေါသအလျောက် ရိုက်မိတာမျိုး ရှိတယ်။ ကိုယ့်သားသမီးလို သဘောထားပြီး စေတနာ အပြည့်နဲ့ သင်နေတာဖြစ်တယ်။ မိဘက မကျေနပ်ဘူးဆိုလို့ ကျွန်မတို့ ဆရာမတွေကိုယ်တိုင် မိဘတွေကို သွားတောင်းပန်ခဲ့တယ်״ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ သွားရောက်ခဲ့ရာတွင် ဒဏ်ရာရသည်ဆိုသော ကျောင်းသား/ကျောင်းသူများကို တွေ့ခွင့်မရခဲ့ဘဲ မကျေနပ်၍ တရားရုံးသို့ တိုင်ကြားမည်ဟုသာ မိဘများက ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ကျောင်းအုပ်ဆရာမကြီးဆီကို တရားဝင် အကြောင်းကြားစာပို့မှာပါ။ ဒီနေ့မှာ မိဘတွေကို ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးခဲ့တယ်။ သြဂုတ်လ ၃-ရက်နေ့ ရုံးချိန်းပေးထားတယ်״ဟု စဉ့်ကိုင်မြို့နယ် တရားသူကြီး ဒေါ်ဆုဆုပြည့်ဖြိုးက မဇ္ဈိမကို ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားရုံးမှ ဥပဒေပုဒ်မ ၃၂၃အရ သာမန်နာကျင်စေမှုဖြင့် အမှုလက်ခံခဲ့ပြီး ကျောင်းသားမိဘများအနေဖြင့် ဆရာမများ လာရောက်တောင်းပန်မှုကို လက်ခံခြင်းမရှိဘဲ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကျောင်းသားမိဘ ဦးကြည်မောင်ထွန်းက ပြောသည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...