KIA တပ်ရင်း ၆ ရှေ့တန်းစခန်းရှိရာ နမ်ဂျန်ခခူး (Nam Jan hka hku) တပ်စခန်းရှိရာအနီးသို့ အစိုးရ စစ်တပ် ခမရ တပ်ရင်း ၄၂၄ တပ်ဖွဲ့တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လမ်းကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဖားကန့် နမ်ယာအနီးမှာ KIA တပ်စခန်းရှိတဲ့ဘက် အစိုးရစစ်တပ်က ဝိုင်းလာလို့ ဒီနေ့ မနက်တော့ တိုက်ပွဲ ဖြစ်လာတယ်လို့ သိရတယ်။ အစိုးရစစ်တပ်က လာပြီး အင်အားဖြည့်နေတာက ကြာပြီ။ တိုက်ပွဲက ပြင်းပြင်းထန်ထန် မဖြစ်ခင် ဆုတ်ခွာပေးဖို့ KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က ပြောတယ်။ ဒါပေမဲ့ ဘာမှ တုံ့ပြန်မလာသေးဘူး”ဟု PCG မှ ဦးဆန်အောင်က မဇ္ဈိမကို ပြောသည်။
အစိုးရ စစ်တပ်က အင်အားဖြည့်တင်းမှုနှင့် တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ မြစ်ကြီးနားမြို့ ရုံးထိုင် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့က အစိုးရ၏ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ထံသို့ ဇွန်လ ၁၆ ရက်က အကြောင်းကြားခဲ့ပြီး ဖြစ်သော်လည်း တုံ့ပြန်လာခြင်း မရှိသေးကြောင်း သူက ပြောသည်။
KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဇွန်လ ၁၅ ရက် ၁ နာရီကျော်တွင် နမ့်ဆန်ချောင်းအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ ဇွန်လ ၁၆ ရက်နေ့ နံနက်တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု အမည်မဖော်လိုသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ဖားကန့်မြို့ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။
“မနေ့က နေ့လည် နှစ်နာရီထိုးခါနီး ၁၀ မိနစ်မှာ တိုက်ပွဲ ဖြစ်တာ။ KIO တပ်ရင်း ၆ အသစ်တည်ထားတဲ့ နားမှာ ဖြစ်တယ်။ ပထမက ကံစီးက ဗျူဟာကုန်းနဲ့ သိပ်နီးတယ်။ အောင်ဘာလီမှာ နေကြတော့ ခနခန ပဋိပက္ခဖြစ်တော့ KIA က သူတို့နဲ့ဝေးရာကို ရှောင်တယ်ပေါ့ကွာ၊ အဲဒီမှာ မြန်မာ့တပ်မတော်ကနေ မနေ့ကတော့ သုံးခါ ဝင်တိုက်တော့ မအောင်မြင်ဘူး ဆုတ်သွားတယ်။ သူတို့ ၆ ယောက်လောက် ဒဏ်ရာရတယ်။ ဒီနေ့ မနက်လည်း ထပ်ဖြစ်တယ်လို့တော့ ကြားတယ်။ အသေးစိတ်မသိရသေးဘူး”ဟု သူက ပြောသည်။
ငြိမ်းချမ်းရေး ဆက်လက် လုပ်ဆောင်နေချိန်တွင် အစိုးရ စစ်တပ်က အင်အားဖြည့်တင်း၍ ထိုးစစ်ဆင်မှုများ ရှိသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် တစ်စုံတစ်ရာ အနှောက်အယှက် ဖြစ်စေမည်ဟု ဦးဆန်အောင်က ပြောသည်။
“ငြိမ်းချမ်းရေးဆိုတာက ယုံကြည်မှုနဲ့ ဆက်ပြီး လုပ်ဆောင်ရမှာ ဖြစ်လို့ ယုံကြည်မှု ခိုင်မာအောင် တိုက်ပွဲရပ်စဲ ထားသင့်တယ်။ ဒါပေမဲ့ ယုံကြည်မှုမရှိအောင် ထိုးစစ်ဆင်တာတွေ လုပ်တယ်ဆိုတော့ လက်မှတ်ထိုးဖို့ ခက်ခဲမယ်။ ယုံကြည်မှု ပိုခိုင်မာအောင်လုပ်ရင်လည်း အစိုးရဘက်က မလိုလားဘူး ဖြစ်နေတယ်။ ဒါကြောင့် ထိုးစစ်ဆင်လာပြီ တိုက်ပွဲ ဖြစ်လာနေပြီဆိုရင်တော့ အတိုင်းအတာတခုထိ အနှောက်အယှက်တော့ ဖြစ်မှာဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။
လက်ရှိ နှစ်ဖက် ပဋိပက္ခညှိနှိုင်းအဖြေရှာရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးသော်လည်း မကြာမီ KIO ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့က လိုင်ဇာဗဟိုဌာနချုပ်တွင် အစည်းအဝေး ကျင်းပ၍ အစိုးရနှင့် ပြန်လည် တွေ့ဆုံနိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။
အစိုးရဘက်မှ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် KIA တပ်ရင်း ၆ မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖားကန့်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က ဖားကန့်မြို့နယ် ဂွေခါကျေးရွာအနီးတွင် အစိုးရ စစ်တပ်နှင့် KIA တပ်တို့အကြား တစ်နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ မတ်လ ၁၈ ရက်မှ ၂၁ ရက်ကလည်း ဖားကန့်နှင့် တနိုင်းဒေသ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နှင့် ၁၄ ဒေသတို့တွင် အစိုးရ စစ်တပ်ဖွဲ့နှင့် KIA တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် KIO နှင့် ကချင်ပြည်နယ် အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့ အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုခဲ့သော အောက်ခြေသို့ သွားရောက်၍ ကွင်းဆင်းလေ့လာရန် ညှိနှိုင်းခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်များ မလိုက်နိုင်သဖြင့် အစီအစဉ် ပျက်ပယ်သွားခဲ့သည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ ဒေသဘက်တွင်လည်း အစိုးရ စစ်တပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် KIA ၏ ရှေ့တန်းစခန်း ပန်စတီ(Pang Sati)ကို ဆုတ်ပေးလိုက်ရသည်ဟု သိရသည်။







