ကချင်ပြည်နယ်တွင် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်လျှက်ရှိသော ရခိုင်လူမျိုး တစ်ထောင်ဝန်းကျင် နေရပ်ပြန်မည်

ကချင်ပြည်နယ်တွင် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်လျှက်ရှိသော ရခိုင်လူမျိုး တစ်ထောင်ဝန်းကျင် နေရပ်ပြန်မည်
by -
မဇ္ဈိမ
 ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ကချင်ပြည်နယ်သို့  ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သော ရခိုင်တိုင်းရင်းသား တစ်ထောင်ဝန်းကျင်သည် နေရပ်သို့ ပြန်လာရန် စီစဉ်လျှက်ရှိသည် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ကချင်ပြည်နယ်) မှ ဒု-ဥက္ကဌ ဦးဖြူသာချေက မဇ္စျိမကိုပြောသည်။

ကချင်ပြည်နယ် ၀ိုင်းမော်၊ ဖားကန့်၊ တနိုင်းမြို့နယ်များတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမား ၉၄၀ ကျော်သည် အလုပ်အကိုင်နှင့် နေထိုင်ရေး အဆင်မပြေမှုကြောင့် နေရပ်ပြန်ရန် စီစဉ်ထားခြင်းဖြစ်သည် ဟုလည်း ၄င်းက ဆိုသည်။

"လူငယ်တွေများတယ်၊ တစ်ချို့လည်း မိသားစုလိုက်ပြောင်းလာကြတယ် ဒီမှာလည်း စစ်ဖြစ်လို့ အဆင်မပြေတာတွေ ဆက်တိုက်ဖြစ်လာကြ တယ်လေ။ ဒီမှာ နေဖို့လည်း အဆင်မပြေ ကိုယ့်ဆီပြန်ဖို့လည်း ငွေမရှိတော့ ကျွန်တော်တို့ ဒီမှာရှိတဲ့ လူတွေအချင်းချင်း အလှူငွေကောက်ခံပြီးပြန်ပို့ကြတာပါ"ဟု ဦးဖြူသာချေက ပြောသည်။

ထိုပြည်တွင်းရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူများသည် ကချင်ပြည်နယ်တွင် ခြောက်နှစ်ခန့်နေထိုင်ခဲ့သူများဖြစ်သည်။

"တချို့ကလည်း ရခိုင်မှာ မိသားစုရှိတယ်၊ အိမ်ရှိတယ် တချို့ကလည်း အိမ်မရှိဘူး အမျိုးတွေ အိမ်ကို ပြန်ရမယ် ကိုယ့်ဆီမှာဆိုရင်တော့ ထမင်းတလုတ် မငတ်အောင် ရှာနိုင်မယ်လို့ စဉ်းစားကြပြီး ပြန်ကြတာပါ"ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်၊  ၀ိုင်းမော် ဒေသများရှိ ကျောက်တွင်းများတွင် ရေမဆေး ရှာသူများ လက်လုပ် လက်စားလုပ်ကိုင်သူများအတွက် အခက်အခဲဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြံုရေးအတွက်လည်း စိုးရိမ်စရာဖြစ်နေသည်ဟု ဆိုသည်။

"ဒီဘက်မှာက ရောဂါဖြစ်ဖို့လွယ်တယ် သေဖို့လွယ်တယ် ဆေးကုဖို့ မလွယ်ဘူး ကျွန်တော့ ၀ိုင်းမှာ ရခိုင်တွေ အများကြီးပဲ ရှံုးတဲ့ခါရှံုး မြတ်တဲ့အခါမြတ် ဒီလိုပဲ ထားရတာပဲ" ဟု ဖားကန့်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကျောက်တွင်းလုပ်ငန်းလုပ်ကိုင်သူ ရခိုင်တိုင်းရင်းသား ဦးကျောက်လုံးကပြောသည်။

ရခိုင်ပြည်နယ်အစိုးရ အနေဖြင့် ဒေသတွင်းမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူများနှင့် ပတ်သက်၍ သတင်းရရှိ ထားခြင်းမရှိသေးဟု ဆိုသည်။

"ဒီဘက်ကတော့ ဘာသတင်းမှ မရသေးဘူး ဒီအကြောင်းကို မသိပါဘူး"ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း ကပြောသည်။

ထိုပြည်တွင်းရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော် နေရပ်ပြန်နိုင်ရေးအတွက် ငွေကျပ် ၁၇ သိန်းကျော် ကုန်ကျမည်ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ဆိုသည်။

ထိုအလုပ်သမားများသည် ရခိုင်ပြည်နယ် စစ်တွေ၊ ကျော်တော်၊ မင်းပြား၊ မြေပုံ မြို့နယ်များမှ ဖြစ်သည်ဟု ဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...