၅၉ (စ) နှင့် ၄၃၆ တို ့ကို အနည်းငယ်ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က လက်ခံဆွေးနွေးမည်

၅၉ (စ) နှင့် ၄၃၆ တို ့ကို အနည်းငယ်ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က လက်ခံဆွေးနွေးမည်
by -
မဇ္ဈိမ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉(စ) နှင့် ၂၀၀၈ ဖွဲ ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးတွင် အဓိက သော့ချက်သဖွယ်ဖြစ်သည့် ပုဒ်မ ၄၃၆ တို့ကို ပြင်သည် ဆိုရုံမျှ ပြင်ဆင်ထားချက်များ ပါ၀င်သော အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုအား ဇွန်၁၀ရက်တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ရာ လွှတ်တော်က ဆွေးနွေးရန် လက်ခံလိုက်သည်။

“အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ခွင့်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၈၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းတို့က လက်မှတ်ရေးထိုးတင်ပြလာသော အဆို နှစ်ရပ်ကို လက်မှတ်ရေးထိုးထားသော ကိုယ်စားလှယ်တော်ကြီးများရဲ့ ကိုယ်စား တင်သွင်းအပ်ပါတယ်” ဟု ၎င်းအဆို တင်သွင်းနိုင်ရေးအတွက် ဦးစီးဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့နယ်အမတ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဇော်က ဇွန်လ ၁၀ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သို့သော် ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ၏ အမည်စာရင်း ကောက်ခံရန် ဖိတ်ခေါ်ခြင်း မရှိသေး သကဲ့သို့ မည်သည့်နေ့တွင် ဆွေးနွေးမည်ကိုလည်း ကြေငြာခြင်း မရှိသေးပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ရွှေပြည်သာအမတ် ဦးတင်မောင်ဦးကမူ "အခြေအနေအရ မနက်ဖြန် ဆွေးနွေးနိုင်ရင်လည်း ဆွေးနွေးဖြစ်မယ် ထင်ပါတယ်”ဟု ဇွန် ၉ရက်က မီဒီယာများကို ပြောကြားထား ခဲ့သည်။

လွှတ်တော်က ဆွေးနွေးရန် လက်ခံလိုက်ပြီဖြစ်သည့် ဥပဒေကြမ်းအား နှစ်ပိုင်းခွဲကာ ပုဒ်မ ၄၃၆ (က) တွင် အကျုံးဝင်သော အပိုင်းနှင့် ၄၃၆ (ခ) တွင် အကျုံးဝင်သော အပိုင်းဟူ၍ ခွဲခြားတင်သွင်းခြင်းဖြစ်ပြီး အများစိတ်ဝင်စားနေသည့် သမ္မတ အရည်အချင်း သတ်မှတ်ချက်အား လျှော့ပေါ့ ပြင်ဆင်ခြင်းကို ဥပဒေကြမ်း ပထမပိုင်း၏ အစမှာပင် ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂ ၌ ဖော်ပြခဲ့သည်။

ဖွဲ ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) တွင် မူလပြဌာန်းထားသည့် “စစ်ရေးအမြင်” အစား “ကာကွယ်ရေးအမြင်” ဟု အစားထိုးခြင်း၊ ၅၉(စ) တွင် ပြဌာန်းထားချက်များမှ “မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း” ဟူသည့် စာသားများကို ဖြုတ်ကာ ဖြေလျှော့လိုက်ခြင်းကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ (၂) အဖြစ် အဆိုပြုထားသည်။

ထို ့နောက် မြန်မာတစ်နိုင်ငံလုံးမှ ငါးသန်းသော ပြည်သူတို ့က ပြင်ဆင်လိုသဖြင့် လက်မှတ် ထိုးထားကြသည့် ပုဒ်မ ၄၃၆ (က) နှင့် (ခ) တို ့ပါ ပြဋ္ဌာန်းချက်မှ “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က……. ….”  ဟူသည့် စာသားများနေရာတွင် “ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ခုနစ်ဆယ်ရာခိုင်နှုန်းအောက် မလျော့သော… …” ဟူ၍ အစားထိုးပြင်ဆင်ပြဋ္ဌာန်းခြင်းကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ (၅) အဖြစ် အဆိုပြုထားသည်။

ထို ့အပြင် ပြင်ဆင်ချက် ဥပဒေအသစ်၌ သမ္မတနှင့် ဒုတိယသမ္မတများနှင့် ပတ်သက်သည့် ဖွဲ ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) မှ ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို ပယ်ဖျက်လိုက်ခြင်းလည်းပါ၀င်သည်။ ပုဒ်မ ၆၂ တွင် “ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ” ဟုလည်းကောင်း၊ ပုဒ်မ ၆၃ တွင် “လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း သမ္မတ၊ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် နေ ့မှစ၍ နုတ်ထွက်ပြီး သို ့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၆၄ တွင် “နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်း မပြုရ” ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်တို ့ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

လွှတ်တော်သက်တမ်းအစပိုင်းတွင် လွှတ်တော်နှင့် အစိုးရအကြား အပြင်းအထန် အငြင်းပွားကာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ၀င်ဆုံးဖြတ်ပေးအပြီး ထိုခုံရုံးအဖွဲ့တစ်ဖွဲ့လုံးကိုပါ အသစ်ပြန်လည် ဖွဲ့စည်းခဲ့ရသည်အထိ ပဋိပက္ခအသွင်ဆောင်ခဲ့သော “လွှတ်တော်များက ဖွဲ ့စည်းသည့် ကောမတီများသည် ပြည်ထောင်စုအဆင့် အဖွဲ ့အစည်းဝင် ဟုတ် မဟုတ်” ပြဿနာကိုလည်း ယခု ပြင်ဆင်သည့် ဥပဒေတွင် “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်သည်” ဟု ဖြည့်စွက် ပြဌာန်း အဆိုပြုထားသည်။

သမ္မတက ပြည်ထောင်စုဝန်ကြီးများ ခန် ့အပ်ရာခြင်းဆိုင်ရာ ယခင် ပြဋ္ဌာန်းချက်ပုဒ်မ ၂၃၂ တွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများကိုလည်း ခန့်အပ်နိုင်ခဲ့ပြီး ယခု ပြင်ဆင်သည့် ဥပဒေတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များထဲမှသာ ခန် ့အပ်ရာ ကန့်သတ်ပြဋ္ဌာန်းထားသည်။

ထို ့အပြင် မူလ ဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းဒေသကြီး၊ သို ့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များအား သမ္မတက ရွေးချယ်ခန့်ထားခွင့်ကို ယခု ပြင်ဆင်သည့် ဥပဒေတွင် ပယ်ဖျက်လိုက်ပြီး “သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲဖြင့် ရွေးချယ်ရမည်” ဟု ပြင်ဆင်အဆိုပြုခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူအား ခန် ့အပ်ခွင့်ရှိခဲ့ သည်။ ပြင်ဆင်သည့် ဥပဒေအရ လုံခြံုရေးနှင့် နယ်စပ်ရေးရာ တာဝန်မှလွဲပြီး ကျန် ဝန်ကြီးများကို လွှတ်တော်ကိုယ်စားလှယ် များထဲမှသာ ရွေးချယ်ခန့်အပ်ရတော့မည်ဖြစ်သည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်ရန် တပ်ချုပ်ထံမှ သင့်လျော်သော တပ်မတော်သား အမည်စာရင်း တောင်းခံရာတွင်လည်း တပ်မတော်သားကိုယ်စားလှယ်များထဲမှ သာ တောင်းခံရမည်ဟု ပြင်ဆင်အဆိုပြုထားသည်။

အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၌ တရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်ရာတွင် ယခင်ရှိခဲ့သော ပြည်ထောင်စု တရားသူကြီးချုပ်သာမက ဒုတိယပြည်ထောင်စု တရားသူကြီးချုပ် နှစ်ဦးကိုပါ ထပ်ဖြည့်ခန့်ထားမှုလည်း ပါ၀င်လာသည်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေတွင် ပြည်ထောင်စု တရားသူကြီးချုပ်ကို သမ္မတကသာ ခန် ့ထားခွင့် ရှိခဲ့ပြီး ယခု ပြင်ဆင်ချက်တွင် သမ္မတ၊ ပြည်သူ ့လွှတ်တော်ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို ့က ဒုတိယ ပြည်ထောင်စု တရားသူကြီးချုပ် တစ်ဦးစီ ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော်သို ့တင်သွင်းပြီး ထို ဒုချုပ် သုံးဦးတို့မှ တစ်ဦးကို ပြည်ထောင်စု တရားသူကြီးချုပ်အရည်အချင်း ရှိမရှိ လွှတ်တော် နှစ်ရပ်၏ ဒုတိယ အကြီးအမှူးများ ပါ၀င်သည့် အဖွဲ့က စိစစ်ကာ ပြည်ထောင်စု လွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ရမည် ဖြစ်သည်။

ထို့အပြင် နိုင်ငံတော် ဖွဲ ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းခြင်းကိစ္စ၊ ၂၀၀၈ ဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့ ၏ လုပ်ပိုင်ခွင့်များ ပိုမိုအသက်ဝင်လာစေရေးအတွက် ပြီးခဲ့သည့် သင်္ကြန်မတိုင်မီ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တို့ တင်သွင်းခဲ့သည့် အရေးကြီးအဆိုပါ ဇယား ၁၊ ၂၊ ၃ နှင့် ၅ ဆိုင်ရာ ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုများ လျှော့ချပေးသည့် ပြင်ဆင် ပြဌာန်းချက်များကိုလည်း ဖွဲ ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...