ကချင် ဒုက္ခသည်စခန်းများ ထောက်ပံ့မှု ထက်ဝက်လျှော့ခံရ၍ စားနပ်ရိက္ခာ ပြတ်လုနီးပါး ဖြစ်နေ

ကချင် ဒုက္ခသည်စခန်းများ ထောက်ပံ့မှု ထက်ဝက်လျှော့ခံရ၍ စားနပ်ရိက္ခာ ပြတ်လုနီးပါး ဖြစ်နေ
by -
မဇ္ဈိမ
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းပေါင်း ၁၇၂ ခုတွင် စစ်ရှောင် ပြည်သူပေါင်း တစ်သိန်းနှစ်သောင်းတွင် ကုလသမဂ္ဂမှ ထောက်ပံ့ငွေ လျှော့ချပေးမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်ဖွယ်ရှိသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ဆိုင်းရော်က ပြောသည်။

၎င်းက ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် လေးနှစ် ပြည့်အဖြစ် ဇွန်လ ၉ ရက်က မီကာဆာ ဟိုတယ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုက္ခသည် စခန်းများအတွင်း လူတစ်ဦးကို တစ်လလျှင် ဆန် ငါးပြည်နှင့် ခြောက်လုံး၊ ဆီ တစ်လီတာ တစ်ဘူးနှုန်း၊ ပဲ စသည့် စားနပ်ရိက္ခာ (တစ်နေ့ ပျမ်းမျှ ကျပ် ၄၀၀ နှုန်း) ပေးခဲ့ရာမှ ယခု ဇွန် ၂၈ ရက်တွင် ထုတ်ပေးမည့် အသုတ်တွင် စရိတ်ထက်ဝက်လျှော့ချကာ ကျပ် ၂၀၀ နှုန်းသာ ပေးတော့မည်ဟု ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေရီယမ်က ရှင်းပြသည်။

“ကျွန်မက ၂၀၁၁ ခုနှစ်ထဲက camp (ဒုက္ခသည်စခန်း)ကို ရောက်နေတာ မိသားစု ၅ ယောက်ရှိတယ်။ အခု ဇွန် ၂၈ ရက်နေ့ဆို တစ်လစာ ထုတ်ရမယ်။ လူတစ်ယောက်ကို ၂၀၀ ကျပ်နှုန်းဆိုတော့ ဘယ်လိုစားရမလဲ မသိဘူး၊ အခုတောင် တောထဲ အသီးအရွက်ကို ခူးစားနေရတာ။ ပဲတော့ပေးတယ် နောက်ဆို ဘယ်လို ရင်ဆိုင်ရမလဲ" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် တရုတ်- မြန်မာနယ်စပ်တစ်လျှောက်ရှိ ဖရဲ၊ ရှိန်ကြိုင်၊ ခေါင်းရှောင်၊ ဇိုင်းအောင်၊ မုန်ဂါဇွ့် ၊ မဂါးယန်၊ ပါဂျောင် စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ပိုမိုခံစားနေရပြီး စက်တင်ဘာမှစ၍ စားနပ်ရိက္ခာ ပို့ဆောင်မှု ရပ်ဆိုင်းထားသည်ဟုလည်း ငြိမ်းဖောင်ဒေးရှင်းမှ အက်စ်ဇွန်မိုင်က ပြောသည်။

ယင်းအပြင် ကျန်းမာရေး လိုအပ်ချက်များ၊ အထွေထွေ အသုံးစရိတ်အတွက် ယခင်က လစဉ် ရရှိခဲ့သည့် လူတစ်ဦးလျှင် တစ်လ ငါးထောင်၊ ခြောက်ထောင်ကျပ် ထောက်ပံ့ငွေကိုလည်း မရသည်မှာ နှစ်လရှိပြီဟု ဒုက္ခသည်စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်ဒုက္ခသည် ဒေါ်ဘောက်ဂျာက မီဒီယာများကို ပြောသည်။

လက်ရှိတွင် ဒေါ်ဘောက်ဂျာ နေထိုင်သည့် ဒုက္ခသည်စခန်းတွင် မိုးဦးကာလဖြစ်၍ ကလေးများ ဝမ်းလျှောရောဂါ အဖြစ်များနေပြီး သက်ကြီးရွယ်အိုများမှာလည်း သွေးတိုးရောဂါ အဖြစ်များနေသည်ဟု ၎င်းက ပြောသည်။

"ဒီကိစ္စကို အစိုးရရော သက်ဆိုင်ရာက တာဝန်ရှိတဲ့ သူတွေရော တာဝန်ရှိတယ်။ လာမယ့် ဇူလိုင်နဲ့ သြဂုတ်လမှာ ရိက္ခာပြတ်လပ်ဖွယ် ရှိတယ်။ ကုလက ထောက်ပံ့ငွေ လျှော့ချတော့ ပြတ်လပ်မှု ဖြစ်တာကို အားလုံးသိအောင် ပြောတယ်။ အဲလိုပြောလိုက်တော့ တခြားအဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့့အစည်းတွေက ပြန်လည်ဖြည့်တင်းပေးနိုင်အောင်” ဟု မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဂွမ်ရှာ်အောင်က မဇ္ဈိမကို ပြောသည်။

နယ်စပ်ရှိ စစ်ရှောင်စခန်းများမှ ကျောင်းသူ ကျောင်းသားပေါင်း တစ်သောင်း ငါးထောင်ခန့် ကျောင်းတက်နိုင်ရန် ပညာရေး အထောက်အပံ့များကို UNICEF နှင့် အခြား လူမှုရေးအဖွဲ့များက ပေးနေသော်လည်း ယခင်နှစ်များကဲ့သို့ မပေးနိုင်၍ ပညာရေးတွင်လည်း ထိခိုက်မှုများရှိသည်ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းပေါင်း ၁၇၂ ခုကို ထောက်ပံ့ရန် ၂၀၁၅ ခုနှစ်အတွက် လူမှုရေး အသင်းအဖွဲ့ ငါးဖွဲ့က မြန်မာငွေ ရှစ်သန်း ထောက်ပံ့ထားပြီး ၂၀၁၄ခုနှစ်တွင် စစ်ဘေးပြည်သူများအတွက် ကူညီထောက်ပံ့ငွေ ၁၃ သန်းရှိခဲ့ရာ ၃၀ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။ ကချင် ဒုက္ခသည် စခန်းများအတွက် တစ်နှစ်စာ လိုအပ်ချက်မှာ ကျပ်သန်းပေါင်း ရ၁ သန်း ဖြစ်သည်ဟု ကုလသမဂ္ဂ၏ တွက်ချက်ထားသည့် ကိန်းဂဏန်းအရ သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...