ဇွန်လ ၈ ရက်က ရန်ကုန်မြို့ MPC တွင် ကျင်းပသော မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ ရှင်းလင်းပွဲ၌ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နံပတ်တစ်က ကော်မရှင်အဖွဲ့ခွဲ ဖွဲ့လို့မရဘူး။ နံပတ် နှစ်က မဲစာရင်းကောက်လို့ မရဘူး။ ပြီးတော့ လွှတ်တော် ကိုယ်စား လှယ်တွေ ဟောပြောစည်းရုံးလို့ မရဘူး။ ဒါကြောင့် "ဝ" ဒေသကတော့ ကျင်းပဖြစ်ဖို့ မသေချာပါဘူး” ဟု ဦးတင်အေးက ဆိုသည်။ ထို့ပြင် လက်ရှိ အချိန်တွင် ကိုးကန့်ဒေသ၌်လည်း မဲစာရင်း ပြုစုနိုင်ခြင်း မရှိသေးဟု ဆိုသည်။
“လောလောဆယ် လျာထားတာက ကိုးကန့်မှာ အေးသွားရင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲ လုပ်နိုင်တယ်။ သို့သော်လည်း "ဝ"ဒေသမှာတော့ မလွယ်ကူပါဘူး” ဟု ၎င်းက ပြောသည်။
စုစုပေါင်း မြို့နယ် (၃၃၀) ရှိသည့်အနက် မိုင်းမော၊ ပန်းဝိုင်း၊ ပန်ဆန်း၊ နားခမ်း၊ မိုင်းလား ၊ လောက်ကိုင်၊ ကုန်ကြမ်း စသောမြို့နယ်များကို မဲစာရင်း ပြုစုနိုင်ခြင်း မရှိသေးဟု ဆိုသည်။
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မဲစာရင်း ပြုစုမှုများ နှောင့်နှေးခဲ့သော်လည်း ဇွန် ၂၂ တွင် မဲစာရင်းများကို ထုတ်ပြန်ကြေညာ သွားမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။
“ရခိုင်နဲ့ ကချင်က မဲစာရင်းတွေ ရောက်ပါပြီ၊ လာမယ့် ၂၂ ရက်မှာ ကြေညာပါမယ်” ဟု မဇ္ဈိမကို ပြောသည်။ "ဝ"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် မြို့နယ်ပေါင်း ခြောက်မြို့နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက မက်မန်နှင့် ဟိုပန် နှစ်မြို့နယ်တွင်သာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။
"ဝ"ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က “ဒီဘက်မှာ အများစုက ဝှိုက်ကတ်တွေ ကိုင်ထားကြတယ်။ မှတ်ပုံတင်ရှိတာက ထောင်ဂဏန်းလောက်ပဲ ရှိတယ်ဗျ။ မဲစာရင်း ပြုစုတာတွေ ဘာတွေ မရှိသေးဘူး။ ဒီဘက်မှာ ရွေးကောက်ပွဲလုပ်မှ လုပ်ပါ့မလား သံသယဖြစ်မိတယ်” ဟု မဇ္ဈိမကို ပြောသည်။
ရွေးကောက်ပွဲကျင်းပရာ မြို့နယ်တစ်ခုတွင် ကျေးရွာအုပ်စု တစ်ရာ ရှိပါက ရှစ်ဆယ်တွင် မဲဆန္ဒရှင်စာရင်း ပြုစုနိုင်မှသာ ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်မည်ဟု ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။
ရွေးကောက်ပွဲတွင် လုံခြံုရေး အစီအစဉ်များနှင့် ပတ်သက်ပြီး မဲရုံလုံခြံုရေး၊ မဲပုံးလုံခြံုရေးတို့ကို သက်ဆိုင်ရာ ဒေသအလိုက် အစီအမံများ ရေးဆွဲဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။







