၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရသော မြို့နယ်နှင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များသည် မဲစာရင်းပြုစုမှုများတွင် လိုအပ်ချက် အချို့ရှိနေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ အားနည်းခြင်း မှာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဘတ်ဂျက်ငွေနှင့် ဝန်ထမ်း နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ မဲစာရင်း ပြုစုတဲ့သူတွေ ပိုက်ဆံတစ်ပြားမှ မရဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး ကွန်ပျူတာ စာရင်းသွင်းရတယ်။ မှားလို့သာ အပြစ်တင်တယ်။ အဲ့လူတွေကို ဘယ်လောက် ထောက်ပံ့ပေးနိုင်မလဲဆို။ ကျွန်တော့်မှာ ဘတ်ဂျက် မရှိဘူး။ ကျွန်တော်လည်း မပေးနိုင်ဘူး။ အဓိက အဲ့ဒါပဲ။ ကျွန်တော်တို့က နေရာတကာမှာ မေတ္တာရပ်ခံပြီး လုပ်နေရတယ်။ မဲစာရင်းသာ ပြုစုခိုင်းတယ်၊ စာရွက်ဖိုး မှင်ဖိုးတောင် မပေးခဲ့ဘူး။ နောက်ပိုင်း သူတို့တင်ပြလာမှသာ ချပေးဖြစ်တာ” ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
၎င်းက ဇွန် ၈ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စာနယ်ဇင်းများကို ရှင်းလင်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သန်းခေါင်စာရင်း ကောက်ခံရာတွင် အစိုးရနှင့် ကုလသမဂ္ဂတို့က သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်ရာ ဝန်ထမ်းများကို တစ်ရက်လျှင် ရှစ်ထောင်ကျပ် ပေးခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းများကို အခကြေးငွေ ပေးနိုင်ခြင်းမရှိဟု ဆိုသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးအတွက် မြန်မာကျပ်ငွေ ၄၀ (ဘီလီယံ) သုံးစွဲရန် လျာထားပြီး ၂၀၁၀ ပြည့်နှစ်က ၁၀ ဘီလီယံသာ သုံးစွဲခွင့် ရရှိခဲ့သည်ဟု ဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ကော်မရှင်၏ လက်တွေ့ ကြံုတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ ဦးတင်အေးက ဆက်၍ “နောက်တစ်ခု ဒေသတွေက လူတွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ ပူးပေါင်းဆောင်ရွက်မှု အားနည်း တာ။ ရွေးကောက်ပွဲဆိုတာဘာလဲ၊ မဲစာရင်း ကြည့်ရမယ်၊ မဲစာရင်းမှာ မပါရင် ဘယ်လိုလုပ်မလဲ၊ ဒါတွေကို ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဓိက ကတော့ ဝန်ထမ်း မရှိဘူး။ ဘတ်ဂျက် မရှိဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ ဒါရွေးကောက်ပွဲကော်မရှင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြစ်တယ်” ဟု ဦးတင်အေးက ပြောကြားလိုက်သည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဘတ်ဂျက်ငွေကို နိုင်ငံတကာ အကူအညီ ပါဝင်ခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
သို့သော် နိုင်ငံတကာ အဖွဲ့ဝင်အချို့က ရွေးကောက်ပွဲတွင် အသုံးပြုမည့် တံဆိပ်တုံးများအတွက် မှင်၊ မဲပုံးများ ပိတ်ရန် လုံခြံုရေးကြိုး၊ လျှပ်စစ်မီးမရှိသော ဒေသများတွင် မဲရေတွက်ရာတွင် အသုံးပြုမည့် အင်ဂျင်များ၊ ဆိုလာပြားများနှင့် မဲစာရင်းပြုစုရာတွင် အသုံးပြုမည့် ကွန်ပျူတာများ လှူဒါန်းထားသည်ဟု ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။
ရွေးကောက်ပွဲရက်များတွင် မဲရုံမှူးကို တစ်ရက်လျှင် ငါးထောင်ကျပ်၊ ဒုမဲရုံမှူးကို လေးထောင်ကျပ်နှင့် မဲရုံဝန်ထမ်းများကို သုံးထောင်ကျပ်စီပေးရန် လျာထားသည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။







