နုတ်ထွက်မည်ဆိုသည့် ညီနောင်သုံးဖွဲ့မပါဘဲ အပစ်ရပ်လက်မှတ်မထိုးဟု NCCTပြော

နုတ်ထွက်မည်ဆိုသည့် ညီနောင်သုံးဖွဲ့မပါဘဲ အပစ်ရပ်လက်မှတ်မထိုးဟု NCCTပြော
by -
မဇ္ဈိမ
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာအစည်းအဝေး ၆ရက်မြောက်နေ့ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာအစည်းအဝေး ၆ရက်မြောက်နေ့ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအဖွဲ့(NCCT)မှ နုတ်ထွက်စာတင်ထားသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ သုံးဖွဲ့ မပါဘဲ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးမည် မဟုတ်ဟု တစ်နိုင်ငံလုံးအပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဇွန်လ ရရက်က လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ခြောက်ရက်မြောက်နေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“နည်းလမ်းကတော့ ဘယ်လိုလာမလဲ မပြောတတ်သေးဘူး။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်တဲ့နေရာမှာ တစ်ဖွဲ့ဖွဲ့က ကျန်နေမယ်။ ထောင့်တစ်ထောင့်မှာ သေနတ်သံတွေ ထွက်နေမယ်ဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဟာ ဘာမှအဓိပ္ပာယ်မရှိဘူး"ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ညီနောင်သုံးဖွဲ့ မပါဘဲ လက်မှတ်မထိုးဆိုပါက ရက္ခိုင့်တပ်မတော် AA အနေဖြင့် NCCTမှ နုတ်ထွက်မည်မဟုတ်ဟု လော်ခီလာ တွင် ရောက်ရှိနေသည့် AA၏ ပြန်ကြားရေးတာဝန်ခံ ဦးအေးထွန်းက ဆိုသည်။

"အားလုံးက ပါစေချင်တယ်။ လိုလိုလားလား ဆွေးနွေးကြတော့ ကျွန်တော်တို့ဘက်ကလည်း ပါဖို့ကို သဘောထားပြန်ပေးထားတာ ရှိပါတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း အရကတော့ ကျွန်တော်တို့ရဲ့ စစ်ဦးစီးချုပ်၊ စစ်ရုံးချုပ်ကနေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်ပြီး လုပ်ပေးရမှာပေါ့နော်။ ရုတ်သိမ်းကြောင်းတို့ လုပ်ပေးရမှာပေါ့။ ဘာလို့လဲဆို ကျွန်တော်တို့က စာတင်ထားတာကိုး"ဟု ဦးအေးထွန်းက ပြောသည်။

လော်ခီးလာတွင် ရောက်နေသည့် MNDAA အဖွဲ့ဝင်ကို သတင်းထောက်များက မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။ ဦးအေးထွန်းကမူ "ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့ သုံးဖွဲ့ကတော့ ညီညီညွတ်ညွတ်နဲ့ ရပ်တည်သွားဖို့ဆိုတာကို အစတည်းက ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်"ဟု ပြောသည်။

နုတ်ထွက်ထားသည့် အဖွဲ့သုံးဖွဲ့သည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ဌာနချုပ် ပန်ဆန်းတွင် မေလ အတွင်းက ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အစည်းအဝေးတွင် နုတ်ထွက်ရန် အဆိုပြုခဲ့ပြီး ယခုဆွေးနွေးပွဲတွင် စာတင်ခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးတွင် ရက္ခိုင့်တပ်မတော်၊ တအာင်းတပ် နှင့် ကိုးကန့်တပ်တို့ပါ ပါဝင်ရေးအတွက် NCCTက အစိုးရကို တိုက်တွန်းသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ရေးထိုးရေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးကို ရှေးရှုမည်ဟု ဆိုသည်။

"တကယ်လို့ အစိုးရဘက်က ကျွန်တော်တို့ စုစုစည်းစည်းရှိနေတဲ့ ဒီအင်အားစုထဲက တစ်ချို့အဖွဲ့ကို နောက်ချန်ထားမယ် ဆိုတာကိုတော့ ဒါကိုတော့ ကျွန်တော်တို့ လက်မခံဘူး။ အားလုံးအတူတကွ ပါဝင်ရေးကိုပဲ ရပ်တည်တယ်။ သူတို့ပါဝင်ရေးကိုပဲ ဒီလာမယ့် NCA အချက်အလက်တွေကို သွားပြီးတော့ ညှိနှိုင်းတဲ့ အဖွဲ့ကနေပြီးတော့ အစိုးရနဲ့ အဲဒီ့ကွာဟနေတဲ့အချက်တွေ သူတို့ကိုယ်တိုင် ပါဝင်ရေးကို ညှိနှိုင်းသွားမယ်"ဟု နိုင်ဟံသာက ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း "NCA စာချုပ်ကို ဒီအဖွဲ့တွေ အားလုံးက လက်ခံတယ်။ အဲတော့ အစိုးရက ပြောထားတဲ့ ဒီ NCA စာချုပ်ကို လက်ခံတဲ့ အဖွဲ့တွေဖြစ်တဲ့အတွက် ဒီအပေါ်မှာ အစိုးရက အလေးအနက် စဉ်းစားရမှာ ဖြစ်တယ်"ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း (NCA)ကိုလည်း လော်ခီးလာအစည်းအဝေးတွင် တက်ရောက်နေသည့် အဖွဲ့အားလုံးက သဘောတူထားပြီး ဇွန် ရ ရက် ဆွေးနွေးပွဲတွင် စာချုပ်ဆွေးနွေးမှု လျောလျောလျူလျူ ပြီးဆုံးခဲ့ပြီး ဖြစ်သည်ဟု ခေါင်းဆောင်များက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့တို့ ဆွေးနွေးနေသည့် လော်ခီးလာ အစည်းအဝေးကို ဇွန်လ ၂ရက်မှ စတင်ခဲ့ပြီး ရှစ်ရက်မြောက်နေ့တွင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိစ္စ ဆွေးနွေးမည်ဖြစ်သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...