ကရင် အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လော်ခီးလာတွင် ကျင်းပနေသော ပဥ္စမနေ့ ညီလာခံအဖွင့် မိန့်ခွန်းတွင် အလှည့်ကျ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “ကျွန်တော်တို့ဟာ ကျွန်တော်တို့ အချင်းချင်းအကြားမှာ စုစည်းညီညွတ်မှုက ပထမဆုံး အချက် ဖြစ်ပါတယ်။ အဲဒီ စုစည်းညီညွတ်မှုကိုလည်း ပိုပြီးတော့မှ ဆုပ်ကိုင်သွားနိုင်မယ်။ ရယူသွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ အချင်းချင်းအကြားမှာ စုစည်းညီညွတ်မှု မရှိရင် ဘယ်သူကမှ အောင်ပွဲခံမှာ မဟုတ်ပါဘူး” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
စည်းလုံးညီညွတ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိရန် အားလုံးတွင် တာဝန်ရှိပြီး အောင်ပွဲခံနိုင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရယူရန် လိုအပ်သည်ဟုလည်း ထည့်သွင်း ပြောဆိုထားသည်။
“ကျွန်တော်တို့ အချင်းချင်းကြားမှာ စုစည်းညီညွတ်မှုတွေ ပြိုကွဲရင်တော့ ကျွန်တော်တို့ဟာ အောင်ပွဲခံမှာ မဟုတ်ပါဘူး။ ထို့နည်းတူပဲ တစ်တိုင်းတစ်ပြည်လုံးအနေနဲ့ ပြောရမယ်ဆိုရင်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မရယူနိုင်ဘူးဆိုရင် အစိုးရနဲ့ တပ်မတော်လည်း အောင်ပွဲခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အောင်ပွဲခံမှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောကြားသည်။
ထို့ပြင် တော်လှန်ရေး သတိရှိရှိ၊ နိုင်ငံရေး သတိရှိရှိ ရပ်တည်ချက် ခိုင်ခိုင်မာမာနှင့် သွားနိုင်ရန် လိုအပ်သလို၊ ဉာဏ်ပညာ အမြော်အမြင်ကြီးကြီး သဘောထားကြီးကြီးနှင့် ဆောင်ရွက်ရန်လည်း လိုအပ်သည်ဟု တိုက်တွန်းထားသည်။
တိုင်းပြည်အတွက် အဓိက အကျဆုံးအခြေခံသည် စည်းလုံးညီညွတ်ရေးအတွက် ဖြစ်စေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖြစ်စေ အကြီးဆုံး အချက်သည် အချင်းချင်း တန်းတူညီတူ အသိအမှတ်ပြုပြီး မိသားစု စိတ်ဓာတ်နှင့် အပြန်အလှန် ဆက်ဆံရေး ဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုထားသည်။
ဇွန်လ ၆ ရက် နံနက်ပိုင်း ညီလာခံတွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမို ကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) နုတ်ထွက်ရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) ဆွေးနွေးပြီးနောက် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ရေးတွင် ဆက်လက်ဆွေးနွေးရန် အတည်ပြုမှု ရရှိခဲ့သည်။
PNLO အဖွဲ့က အဆိုပါ အဖွဲ့သုံးဖွဲ့ နုတ်ထွက်ရေးနှင့် ပတ်သက်၍ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ကြားဝင် စေ့စပ်ပေးခဲ့သော ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအပေါ် ညီလာခံတွင် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
လော်ခီးလာ ညီလာခံကို ဇွန်လ ၂ ရက်မှ ၆ ရက်ထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ပြီး စတုတ္ထနေ့ ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတည်ပြု မူကြမ်းပါ အခန်း ၄ ခန်းထိ ဆွေးနွေးနိုင်ခဲ့ပြီး ဖြစ်သည်ဟုလည်း ညီလာခံတက်ရောက်သူများထံက သိရသည်။
ယခုကျင်းပနေသည့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင် ညီလာခံ အစည်းအဝေးကို ဇွန်လ ရ ရက်တွင် ဘာသာရေးနေ့အဖြစ် တစ်ရက် နားမည်ဖြစ်ပြီး ဇွန်လ ၈ ရက်တွင် ရက်ထပ်တိုးပြီး ဆွေးနွေးမည် ဖြစ်သည်။







