“ထူးခြားတာက NCA တစ်စုံလုံးကို ခြံုငုံပြီးတော့ လက်မခံနိုင်ဘူးဆိုတဲ့ အဖွဲ့တော့ မရှိဘူး။ ဒါကို လုံးဝလက်မခံဘူး။ လုံးဝသုံးလို့ မရဘူးဆိုတာ မရှိဘူး။ အားလုံးက တစ်စုံတစ်ရာ NCA တစ်နှစ်ခွဲ လုပ်အားကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်ခံတယ်။ အာမခံချက် နည်းနည်း နည်းနေသေးတယ်။ လိုအပ်ချက် နည်းနည်း ပျော့နေသေးတယ်ဆိုတဲ့ နေရာမှာ ဝိုင်းကူအားဖြည့်တဲ့ အခြေအနေမျိုး တွေ့ရတယ်။ ဒါကောင်းတဲ့ လက္ခဏာပါ"ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
လော်ခီးလာညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့၊ တပ်ပေါင်းစု တစ်ဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့မှ အကြီးအကဲများ တက်ရောက်နေပြီး ခုနစ်ဖွဲ့က စာရွက်စာတမ်းများဖြင့် အစီရင်ခံစာများ တင်ပြခဲ့ပြီး ကိုးဖွဲ့ကမူ နုတ်အားဖြင့် အကြံပြုခဲ့သည်ဟု ဇွန် ၃ ရက်က ဒုတိယနေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
“ထပ်ညှိမယ်ဆိုရင်တော့ ဒီနေ့ ခုန ၁၇ ဖွဲ့တင်တဲ့ဟာကို မွန်းလွဲပိုင်းမှာ NCCT ခေါင်းဆောင် အားလုံးက အကျေအလည် ရှင်းပြမယ်။ ပြေလည်သွားမယ် ဆိုရင်တော့ မနက်ဖြန်မှာ ကြည်လင်တဲ့ သဘောထားတွေနဲ့ ရှေ့သွားရမယ့် ရှေ့လုပ်ငန်း စဉ်ကို ပြတ်ပြတ်သားသား ချမှတ်နိုင်မယ်လို့တော ့မျှော်လင့်တယ်”ဟု ခွန်ဥက္ကာက ပြောသည်။
သို့သော် ဇွန်လ ၃ ရက်က ABSDF က မူပိုင်းဆိုင်ရာကိစ္စ၊ ပြင်ဆင်ဖြည့်စွက်ရမည့်ကိစ္စနှင့် အဓိပ္ပာယ် ရှင်းလင်းချက်များဟူ၍ အပိုင်းသုံးပိုင်းခွဲ၍ အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့ပြီး တချို့အချက်အချို့ တူညီမှုများ ရှိသကဲ့သို့ ကွဲလွဲမှုများလည်း ရှိနေသည်ဟု NCCT ပဒိုကွယ်ထူးဝင်းကလည်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PLSF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးလည်း မူတစ်ခုတည်းရှိသည်ဟု ၎င်းက ပြောသည်။
ညီလာခံသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများဖြစ်သော ကယန်းပြည်သူ့ပါတီ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် တည်ဆောက်ရေး အင်အားစုများ အဖွဲ့များက တစ်နိုင်ငံလုံး လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ သဝဏ်လွှာများ၊ အကြံပြုစာများ လက်ခံရရှိသည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။
အလားတူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကြိုဆိုထောက်ခံကြောင်းနှင့် အားလုံး သဘောတူညီမှုဖြင့် ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့်အညီ တည်ငြိမ်ပြီး တရားမျှတမှု၊ အားလုံးပါဝင်နိုင်မှုနှင့် နိုင်ငံတကာ အသိသက်သေများ ပါဝင်မှုဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးဆွေးနွေးပွဲကို အမြန်စတင်ရန် လိုအပ်ကြောင်း ဇွန်လ ၃ ရက်က RCSS က သဘောထားထုတ်ပြန်ထားသည်။







