တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော NCCT အဖွဲ့မှ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင်တပ်မတော် (AA)တို့ နုတ်ထွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မရှိသေးခြင်း ဖြစ်သည်။
“ဒါတွေက အဆုံးအဖြတ်ပေးရမယ့် အခန်း အဲဒီသုံးဖွဲ့က နုတ်ထွက်မယ်ဆိုတဲ့ ကိစ္စကလည်း အတိအကျ မတင်သေးဘူးဗျာ။ အခြေအနေကို လေ့လာနေတုန်းပါပဲ။ အများရဲဲ့ သဘောထားကို ရယူနေတုန်းပါပဲ။ ဒီမှာက အဲဒီ့လို အခြေအနေ ဖြစ်နေတယ်။ တချို့ မူပိုင်းဆိုင်ရာမှာ မနက်ဖြန်မှ အဆုံးအဖြတ်ပေးရမယ့် အခန်းရောက်မှာပါ။ အခုက မရောက်သေးဘူး”ဟု သူက ဇွန်လ ၄ ရက် ညီလာခံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လော်ခီးလာတွင် ကျင်းပနေသော ဇွန်လ ၄ ရက်က တတိယနေ့ ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) အပေါ် မရှင်းလင်းသည့် အချက်များကို စာသားအရ ပြင်ဆင်လိုသော အချက်များကို ပြန်လည် ရှင်းလင်းခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။
ညီလာခံ တတိယနေ့အထိ NCA အခန်းသုံးထိ ဆွေးနွေးနေဆဲ ဖြစ်ပြီး ဝေါဟာရ ပြင်ဆင်လိုခြင်းကိစ္စ၊ အနာဂတ်မှာ တပ်မတော် ဖွဲ့စည်းရေးကိစ္စ၊ လူသစ်မစုဆောင်းရေးကိစ္စ စသည့် အချက်များကို ဆွေးနွေးနေဆဲ ဖြစ်သည်ဟု နိုင်ဟံသာက ပြောဆိုထားသည်။
CNF က အထွေထွေအတွင်ရေးမှူး ဦးဇင်ကျံုးကလည်း “အဖွဲ့သုံးဖွဲ့နဲ့ပတ်သက်ပြီးတော့မှ ဒီကနေ့အထိ ကျွန်တော်တို့ရဲ့ ညီလာခံမှာ တရားဝင် တင်ထားတာ မရသေးဘူး။ သူတို့ကိုယ်၌ကလည်း ဒီကနေ့ ညီလာခံကို သွားနေတဲ့ အလားအလာမှာ ဒါကို အစောတလျင်ဆွေးနွေးဖို့ သူတို့မှာလည်း ဆန္ဒမရှိသေးပါဘူး။ ကျွန်တော်တို့ ယုံကြည်တာကတော့ NCCT ၁၆ ဖွဲ့လုံး တညီတညွတ်တည်း ရှေ့ဆက်သွားမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု သူက သတင်းထောက်များကို ပြောသည်။
NCCTနှင့် UPWC တို့ သဘောတူညီမှုရရှိခဲ့သော အတည်ပြု မူကြမ်းအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားနှင့် ကွဲလွဲမှု နည်းပါးနေပြီး လက်မှတ်ရေးထိုးနိုင်ရန် နီးစပ်မှုရှိလာသည်ဟု သူက ပြောသည်။
TNLA က အစိုးရဘက်မှ စစ်ရေးဖိအားပေးသဖြင့် NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ဇွန်လ ၃ ရက်က လောခီးလာ ညီလာခံသို့ နုတ်ထွက်စာ ထပ်မံတင်သွင်းလိုက်သည်ဟု TNLA ၏ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်။
“မတ်လ ၃၁ ရက်က NCA မူကြမ်းကို သဘောတူညီမှုရခဲ့တယ်။ အဲဒီအချိန် ကျွန်တော်တို့ဒေသမှာ စစ်ပွဲတွေ ဖြစ်ခဲ့တယ်။ စစ်အင်အားထပ်ချထားတာရှိတယ်။ ပန်ဆန်း ညီလာခံတက်ဖို့ ဖိတ်ကြားတဲ့အခါမှာ UPWC က ဝ အဖွဲ့ကို ပြောကြားတာတွေ ရှိတယ်။ အဲဒီအချိန်ကနေ UPWC က ကျွန်တော်တို့ကို ဖယ်ရှားလိုက်တဲ့ သဘော တွေ့ရတယ်။ အဲဒါကြောင့် UPWC က ကျွန်တော်တို့အပေါ်မှာ ရိုးသားမှု မရှိဘူးဆိုတာ တွေ့ရတယ်။ ကျွန်တော်တို့ ယုံကြည်မှု မရှိဘူး။ မေလ ၉ ရက်မှာ တိုင်းရင်းသားတွေနဲ့ UPWC က အင်ယားလိတ် ဟိုတယ်မှာ တွေ့တဲ့အခါ ဦးအောင်မင်းက မီဒီယာတွေကို တရားဝင် ပြောကြားတာရှိတယ်။ TNLA က ပိုင်နက်ခြား မရှိသေးတဲ့အတွက် NCA လက်မှတ်ထိုးတဲ့ထဲမှာ သူတို့ မပါဘူးဆိုပြီး ပထုတ်ထားတာရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်ထိ အစိုးရနှင့် TNLA တို့ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
၎င်းအဖွဲ့သုံးဖွဲ့နှင့် အစိုးရ တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေချိန် ပြီးခဲ့သည့် မတ်လ ၃၁ ရက်က NCCT အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် သဘောတူ လက်မှတ်ရေးထိုးခဲ့သဖြင့် UPWC ကို အယုံအကြည်မရှိ၍ နုတ်ထွက်ရခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
AA မှ အရှေ့ဘက်ဒေသ စည်းရုံးရေးမှူး ဦးထွန်းအောင်သာကလည်း “တကယ်နုတ်ထွက်မှာပေါ့။ ဆုံးဖြတ်ချက်ပေါ့နော်။ တကယ် ကျွန်တော်တို့ လိုချင်တာ စည်းရုံးမှု စည်းရုံးမှု မရှိတော့ ဒီလိုနုတ်ထွက်ရတာ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အမြဲတမ်း တိုင်းရင်းသား မဟာမိတ်တွေနဲ့ လက်တွဲဖြုတ်သွားမှာ မဟုတ်ဘူး။ နိုင်ငံရေးတခြားလိုအပ်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဟူသမျှက လက်တွဲလုပ်သွားမှာပါ”ဟု သတင်းထောက််များအား ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းတို့အဖွဲ့အနေဖြင့် တစ်ဖွဲ့စီ၏ အကျိုးစီးပွားကို ကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်၍ NCCT အဖွဲ့၏ စည်းရုံးမှု ပိုမိုလိုလားပြီး မျှော်လင့်ကြောင်း သူက ပြောသည်။
TNLA အဖွဲ့သည် NCCT မှ နုတ်ထွက်သော်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တွင်မူ ဆက်လက် ပါဝင်နေမည်ဟု သိရသည်။
အဆိုပါ အဖွဲ့ သုံးဖွဲ့ NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရခြင်းသည် ၎င်းတို့အဖွဲ့အစည်းအတွက် အကျိုးစီးပွားနည်းပါးခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အခြား ကြီးမားသည့်အကြောင်းလည်းရှိနိုင်သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“လွတ်လပ်စွာ ပါဝင်ပူးပေါင်းလုပ်နိုင်သလို၊ လွတ်လပ်စွာ မပါဝင်လည်း နေလို့ရတဲ့သဘောရှိတယ်။ သို့သော် အဖွဲ့ဝင်ဖြစ်နေသမျှကတော့ အဖွဲ့ဝင်တွေကို စုပေါင်းကာကွယ်ရမယ်ဆိုတဲ့ မူကတော့ ရှိတယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးသည်ဖြစ်စေ။ မထိုးသည်ဖြစ်စေ၊ ကျွန်တော်တို့ NCCT အဖွဲ့ဝင်ကို တိုက်ခိုက် ခြေမှုန်းခြင်း၊ အကျိုးဖျက်ဆီးခြင်းမလုပ်ပါနဲ့ ပြောလို့ရတယ်။ ကျနော်တို့ အဖွဲ့ဝင်မဟုတ်တော့ဘူး ဆိုရင်တော့ ကာကွယ်ဖို့ အားနည်းသွားတာပေါ့”ဟု ၎င်းက ပြောသည်။
ထိုအဖွဲ့သုံးဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲခြင်း မဟုတ်သော်လည်း NCCT အဖွဲ့ဝင်များ ဖြစ်သည့်အတွက် တစ်နှစ်ခွဲကြာ ဆက်စပ်ညှိနှိုင်းမှုနှင့် NCCT ဟူသော အမည်အောက်တွင် ရန်ကုန် ဆွေးနွေးပွဲများ တက်ရောက်နိုင်ခြင်း၊ အခြားသော အဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ခြင်းနှင့် AA အဖွဲ့သည်လည်း ရခိုင်ပြည်နယ် ကျောက်ဖြူညီလာခံ တက်ရောက်နိုင်ခြင်းနှင့် ကျောက်တော်ဒေသတွင်လည်း လက်နက်မပါဘဲ အခြေချမည်ဆိုပါက နေရာစီစဉ်ပေးမည်ဟု အစိုးရဘက်မှ စီစဉ်ပေးမှုများ ရှိခဲ့ကြောင်း စသည့် အကျိုးအမြတ် ရရှိထားသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။
NCCT အဖွဲ့အနေဖြင့် အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးမူကို စွဲကိုင်ထားပြီး အကယ်၍ အခြေအနေအရ အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသော်လည်း မပါဝင်သည့်အဖွဲ့များ မည်သည့်အချိန်တွင် မည်သို့ ပါဝင်ညှိနှိုင်းရန်နှင့် ယင်းအဖွဲ့အပေါ် စစ်ရေးအရ ဖိအားပေးချေမှုန်းခြင်းများ မလုပ်ရန် ဟူသော အာမခံချက်များ ရရှိရန် လိုအပ်သည်ဟု သူက ပြောသည်။







