“ဒီတိုင်း ဆက်ထားမယ်ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မိမိတို့လွှတ်တော်က ကြိုးစားပမ်းစားဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ကို ပြည်သူတွေ အထင်အမြင်လွဲမှားခြင်း အချင်းချင်း သံသယရှိခြင်း မညီမညွတ်ဖြစ်စေခြင်းများ မရှိစေရေးအတွက် ယခုသို့ဆောင်ရွက်ရခြင်းကို ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်းက လွှတ်တော်တွင်ပြောသည်။
လွှတ်တော်၏ တစ်ရက်တာ အစည်းအဝေးကျင်းပမှုများကို အစအဆုံးဖြစ်စေ၊ အစိတ်အပိုင်းဖြစ်စေ၊ အရုပ်အသံဖြစ်စေ လိုအပ်သကဲ့သို့ ရယူနိုင်ရန် မီဒီယာကော်နာကိုလည်း ယခင်ကတည်းက ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်ဟုဆိုသည်။
“ဘာသာပြန်ခန်းများဟာ မီဒီယာများဝင်ရောက် ကြည့်ရှုရိုက်ကူးရယူခွင့်ကို ယခင်အခြေအနေအရ ခွင့်ပြုပေးခဲ့တာမှန်ပါတယ်။ သို့သော် ဒီအခန်းများဟာ မူလကတည်းက မီဒီယာကော်နာ မဟုတ်ပါ။ လက်ပွားကိုယ်တော်များကိစ္စ မတိုင်ခင်ကလည်း ဒီအခန်းများကနေ ရိုက်ကူးပြီး ဒီလိုပဲသတင်းဂျာနယ်များမှာ ဖော်ပြခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ လုပ်ဆောင်မှုများ မြင် မကောင်းအောင်တွေ့ရှိခဲ့တာ ရှိပါတယ်။ ဒီအခြေအနေကို သုံးသပ်ရင် နောက်ပိုင်းမှာလည်း ဒီလိုကိစ္စတွေ ထပ်ဖြစ်လာနိုင်ပြီး ပိုမိုအထင်အမြင်လွဲမှားတာတွေ မလိုလားအပ်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် ယခုလိုကာလမှာ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်များပါ ဆက်စပ်ဖြစ်ပေါ်လာနိုင်တဲ့အတွက် ယခုလိုဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။
ယခုလိုဆောင်ရွက်လိုက်ခြင်းသည် အစည်းအဝေး ခန်းမအတွင်း လွှတ်တော် ကိုယ်စားလှယ်များ စိတ်တိုင်းကျ နေထိုင်နိုင်ရန် လုပ်ဆောင်လိုက်ခြင်း မဟုတ်ဟုလည်း ၎င်းကဆိုသည်။ ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးခန်းမများအတွင်း လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များ ရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်နာယက က ကြပ်မတ်ဆောင်ရွက်သွား မည်ဟုဆိုသည်။
ပြည်ထောင်စုလွှတ်တော်တွင် သတင်းမီဒီယာများကို သတင်းယူခွင့်ကန့်သတ်လိုက်ခြင်းအပေါ် သတင်းမီဒီယာအပေါ် မှတ်ချက်ပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးလည်း သတိပေးခြင်းခံခဲ့ရသည်။
“ပြည်ထောင်စုလွှတ်တော်ထဲက လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက သတင်းမီဒီယာတစ်ခုမှာ တွေ့ဆုံပြီး ကျွန်တော်သာ ညွှန်ချုပ်ဖြစ်ခဲ့ရင် ဆိုတာတွေက လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်ပျက်ပြားစေနိုင်တဲ့အတွက် ဒုတိယနာယကကို တာဝန်ပေးပြီးတော့ ပြောဆိုရှင်းလင်း ဆွေးနွေးတဲ့နေရာမှာလည်း မချေမငံပြောဆိုမှုများရှိကြောင်း သိရပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် နယက သူရဦးရွှေမန်းက ပြောသည်။
လတ်တလောတွင် သတင်းမီဒီယာများကို လွှတ်တော် အဆောက်အဦးအတွင်း တီဗီမှတစ်ဆင့် တိုက်ရိုက်လွှင့်ပေးမှုမှ တစ်ဆင့် သတင်းရယူခွင့်သာ ပြုထားသည်။







