ဟိုင်းကြီးကျွန်းမှ လှေစီးဒုက္ခသည် ရ၀၀ ကျော်ကို ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၇ အနီးတွင် ပြောင်းရွှေ့စစ်ဆေးနေပြီး ထိုဒုက္ခသည်များအရေးတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဖိအားပေးမှုများကို လက်ခံမည် မဟုတ်ဘဲ စိစစ်တွေ့ရှိမှုအရသာ ဆောင်ရွက်မည်ဟုလည်း ၎င်းက ဆိုသည်။
"သူတို့ အကူအညီယူရင် သူတို့ရဲ့ ဖိအားပေးတာတွေ ဘာတွေလာမယ် ဒါတွေကို လူထုကလည်း ကန့်ကွက်နေတော့ အစိုးရရဲ့ အစီအစဉ်နဲ့ပဲ ဆောင်ရွက်သွားမယ်" ဟု ဦးလှသိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရှိသော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များသည် ရခိုင်ပြည်နယ် ဘင်္ဂလီဒုက္ခသည် စခန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အစိုးရနှင့် သဘောတူညီမှု ရယူကာ အကူအညီပေးရေးများ ဆောင်ရွက်လျှက် ရှိသည်။
ရခိုင်ဒေသခံများအနေဖြင့် ဟိုင်းကြီးကျွန်းမှ ဒုက္ခသည်များ ရခိုင်ပြည်နယ်တွင် ယာယီပြောင်းရွှေ့ထားခြင်းကို လက်ခံလိုခြင်း မရှိကြဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
"လူထုအနေနဲ့ကတော့ တစ်ပူပေါ်နှစ်ပူဆင့်တာ အဖြစ်မခံချင်ကြဘူးပေါ့ဗျာ၊ ပြီးတော့ နိုင်ငံတကာက ဖိအားပေးနေတာတွေကလည်း ရှိတယ်။ ရခိုင်ပြည်နယ်မှာနေရာချထားတွေ၊ ယာယီ ဒုက္ခသည် စခန်းတွေဖြစ်လာမှာကို စိုးရိမ်ကြတယ်"ဟု ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ် ယာယီ စစ်ဆေးရေး စခန်းတွင် ဟိုင်းကြီးကျွန်းမှ ပြောင်းရွှေ့လာသော လှေစီး ဒုက္ခသည်များအနက် အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၁၂၅ ဦးကို ပို့ဆောင်ထားသည်။
ကျန်လှေစီးဒုက္ခသည်များကိုမူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင် အမှတ် ၃၇ တွင် ဇွန် ၄ ရက်က စတင်စစ်ဆေးလျှက်ရှိသည် ဟု ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။
ထိုဒုက္ခသည်များ စိစစ်မှုကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက ဇွန် ရ ရက်တွင် ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်း တွေ့ရှိသော ဒုက္ခသည် နှစ်ရာအနက် ၁၅၀ ကို ပြန်လည်လက်ခံမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည််။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင် လှေစီး ဒုက္ခသည် စုစုပေါင်း တစ်ထောင်နီးပါး ရောက်ရှိနေပြီဖြစ်သည်။







