တစ်ဦးတည်း နှစ်မဲပေးသည့် လက်ပွားကိုယ်တော်ကိစ္စ မှန်ကန်သည်ဟု သူရဦးရွှေမန်းပြောကြား

တစ်ဦးတည်း နှစ်မဲပေးသည့် လက်ပွားကိုယ်တော်ကိစ္စ မှန်ကန်သည်ဟု သူရဦးရွှေမန်းပြောကြား
by -
မဇ္ဈိမ
ဂယက်ရိုက်ခဲ့သည့် လက်ပွားကိုယ်တော်ကိစ္စမှာ လွှတ်တော်ရေးရာ ဥပဒေကြမ်းပူပေါင်းကော်မတီ အစည်းအဝေး တက်ရောက်နေ၍ လွှတ်တော်အစည်းအဝေး ခန်းမတွင် မရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအစား အခြား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက စက်ခလုတ်နှိပ် မဲပေးခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်းက ဇွန် ၃ရက်က ပြောကြားလိုက်သည်။

မြန်မာပို့စ်ဂလိုဂျာနယ်က လွှတ်တော်ထဲက လက်ပွားကိုယ်တော်များနှင့် သံသယဖြစ်စရာ မဲရလဒ်များဆိုပြီး ရေးသားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် နယက သူရဦးရွှေမန်းက လွှတ်တော်သို့ ရှင်းပြရာတွင် ယင်သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီနေ့က မဲပေးချိန်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့နှစ်ဦး ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက်ရောက်နေတဲ့ အတွက် ဗိုလ်မှူးချုပ်အောင်ကျော်နဲ့ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်ဦးတို့က ၎င်းတို့ကိုယ်စား စက်ခလုတ်နှိပ်မဲပေးခဲ့ခြင်းဖြစ်ကြောင်း နောင်တွင်အလားတူမဖြစ်စေရေး သတိပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များအနေနဲ့ သဘောရိုးဖြင့် ဆောင်ရွက်ခဲ့တာဖြစ်လို့ မီဒီယာများအနေဖြင့်လည်း အကျိုးအကြောင်း ရှေ့နောက်ချင့်ချိန်ပြီး မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက် မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန် ဖော်ပြပါရှိပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်းက ပြောသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ ၂၀၁၅ခုနှစ် မတ်လ ၃၁ရက်တွင် လွှတ်တော်တွင်း  စက်ခလုတ်အသုံးပြုပြီး မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သားကိုယ်စားလှယ်နှစ်ဦးက မဲခွဲချိန် ရှိမနေသည့်အတွက် အနီးအနားက ကိုယ်စားလှယ်များအတွက် မဲပေးနေသည့် သတင်းဓာတ်ပုံကို ဖော်ပြခဲ့သည်။

သတင်းမီဒီယာ၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး လွှတ်တော်အနေဖြင့် စက်ခလုတ်နှိပ် ဆောင်ရွက်သွားခဲ့သည့် ကာယကံရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင်ကို ပြည်ထောင်စုလွှတ်တော်နာယက ကိုယ်စား  ဒုတိယနာယက က ခေါ်ယူတွေ့ဆုံပြီး သတိပေးရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

“ဒီလိုဖြစ်စဉ်အပေါ် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်တင့်ဆန်းကလည်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စား ပြည်ထောင်စုလွှတ်တော်နာယကထံ စာရေးသားတင်ပြခဲ့ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်းက ပြောသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဧ။် ကိုယ်စား ဗိုလ်မှူးချူပ်တင့်ဆန်း တင်ပြချက်ဟာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မီဒီယာအဖွဲ့များအတွက် သင့်တင့်မျှတသည့် တင်ပြမှုဖြစ်သည့်အတွက် လွှတ်တော်အစည်းအဝေးခန်းမကြီးအတွင်းကို ကြည့်ရှုတွေ့မြင်နိုင်သည့် ဘာသာပြန်အခန်းများအတွင်း မီဒီယာများ ၀င်ရောက်ကာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်ကို ကန့်သတ်ခဲ့ခြင်းဖြစ်သည်ဟု နယက သူရဦးရွှေမန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်အချို့အပေါ်၊ တပ်မတော်အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပေါ်၊ သတင်း Media လောကအပေါ်၊ အထူးသဖြင့် လွှတ်တော်များမှာ လာရောက်သတင်းရယူနေကြသည့် သတင်း Media များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် အခြားမလိုလားအပ်သော ကိစ္စရပ်များ ဆက်စပ် ပေါ်ပေါက်လာနိုင်စရာအကြောင်းများ ဖြစ်လာသည့်အတွက် လွှတ်တော်သို့ ရှင်းပြရခြင်းဖြစ်သည်ဟုဆိုသည်။

“အစည်းအဝေးခန်းမအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်တိုင်းကျ နေနိုင်အောင် မဟုတ်ပါဘူး။ ကိုယ်စားလှယ်များ အစည်းအဝေးခန်းမအတွင်း လိုက်နာရမယ့် စည်းကမ်းတွေ ကျင့်ဝတ်တွေရှိပါတယ်။ ဒါတွေကို ပြည်ထောင်စုလွှတ်တော်နာယက ကြပ်မတ်ဆောင်ရွက်ဖို့ တာဝန်လုပ်ပိုင်ခွင့်ရှိပါတယ်။ မီဒီယာများအနေနဲ့ လွှတ်တော်များရဲ့ သတင်းရယူမှုဆောင်ရွက်ချက်ကို ကြိုဆိုပါတယ်" ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်းက ပြောသည်။

လွှတ်တော်များအတွင်း မီဒီယာများ သတင်းရယူခွင့်အတွက် လွှတ်တော်အစည်းအဝေး ခန်းမအတွင်းသို့ မမြင်နိုင်သည့် နေရာတွင် တီဗီဖန်သားပြင်မှတစ်ဆင့်သာ သတင်းရယူရန် ကန့်သတ်လိုက်သည့်အတွက် သတင်းသမားများက ညှိနှိုင်းမှုများလည်း ပြုလုပ်နေပြီး ကန့်သတ်လိုက်သည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...