အဆိုပါ စာချုပ်သည် ဆွေးနွေးဖက်နှစ်ဖက်အကြား တပ်ပိုင်းဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကဏ္ဍစုံမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားသည့် စာချုပ် မဟုတ်ခြင်းကြောင့် ဖြစ်သည်ဟု ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။
“ဒီစာချုပ်ဟာ Primary Ceasefire agreement တမျိုးပဲ ဖြစ်ပြီး agree to talk ဆိုတဲ့ “တိုက်ပွဲတွေရပ်ပြီး ဆက်လက် ညှိနှိုင်းဆွေးနွေးကြရအောင်” ဆိုတဲ့ အခြေခံနဲ့ သဘောတူထားတာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ညီလာခံကို တက်ရောက်လာသည့် ကုလအထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားကမူ တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းထားပြီး နှောင့်နှေးနေပါက အကူအညီပေးရေးကို စဉ်းစားမည်ဟု ပြောဆိုလိုက်သေးသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို မေလ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည်ဖြစ်ပြီး အဓိက အားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ပြန်လည် သုံးသပ်ကြမည် ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကို အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေရာ ၂၀၁၅ခုနှစ်၊ မတ်လ ၃၀ ရက်တွင် စာချုပ်ပါ အချက်အားလုံး သဘောတူညီမှုရရှိခဲ့သည် ဟု နှစ်ဖက် ခေါင်းဆောင်များက ဆိုကြသည်။ မတ်လ ၃၁ ရက်ကလည်း အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ သမ္မတရှေ့မှောက်တွင် စာချုပ်ကို သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းအပြင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရန် အစိုးရအနေဖြင့် အဆင်သင့် ဖြစ်နေပြီဟုလည်း သမ္မတက ပြောဆိုထားသေးသည်။







