ပြည်သူ့ဆန္ဒနှင့် ထပ်တူကျမည့် ရွေးကောက်ပွဲဖြစ်မည်ဟု သမ္မတပြော

ပြည်သူ့ဆန္ဒနှင့် ထပ်တူကျမည့် ရွေးကောက်ပွဲဖြစ်မည်ဟု သမ္မတပြော
by -
မဇ္ဈိမ
ယခုနှစ်ကုန်ပိုင်းအတွင်း ကျင်းပရန်လျာထားသည့် အထွေထွေရွေးကောက်ပွဲတွင် အစိုးရအဖွဲ့အနေဖြင့် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းမည်ဖြစ်သလို ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမည်ဟု ယုံကြည်နေကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်သည်။

"ပြည်သူလူထုရဲ့ ဆန္ဒမှန်ကိုထင်ဟပ်မယ့် ကိုယ်စားလှယ်အသီးသီး ပေါ်ထွက်လာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်" ဟု ၂၀၁၅ခုနှစ်၊ ဇွန်လ ၂ရက်က ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က ပြောသည်။

အနိုင်ရရှိရေးအတွက် နိုင်ငံရေးပါတီများ အသွင်အမျိုးမျိုးဖြင့် ပြင်ဆင်လျက်ရှိသည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲကျင်းပရန် ၅လခန့်သာလိုတော့သည့် အချိန်တွင် သမ္မတက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲသည် အနာဂတ်နိုင်ငံရေးအတွက် အလွန်အရေးကြီးသည်ဟု သမ္မတဦးသိန်းစိန်က ဆိုကာ အစိုးရအနေဖြင့် လွတ်လပ်၊ မျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ပွင့်လင်းမြင်သာမှုနှင့် မှန်ကန်မှုရှိအောင် တာဝန်ယူမည်ဟုလည်း အဆိုပါ မိန့်ခွန်းတွင် ကတိပေးစကားပြောသည်။

အထက်ပါအတိုင်း သမ္မတကပြောသော်လည်း အတိုက်အခံနိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ၂၀၁၅ရွေးကောက်ပွဲသည် လွတ်လပ်မှုရှိနိုင်သော်လည်း တရားမျှတမှုရှိနိုင်မည်မဟုတ်ဟု သုံးသပ်ကြသည်။

လက်ရှိအနေအထားအရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီးပုဒ်မ(ပုဒ်မ ၄၃၆၊ ၅၉ စ)များကို ပြင်ဆင်နိုင်ဖွယ်မ ရှိသည့်အတွက် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မဇ္ဈိမကို ပြောသည်။

"ရွေးကောက်ပွဲဟာ လွတ်လပ်ပါလိမ့်မယ်။ တရားမျှတမှုတော့ ရှိလိမ့်မယ်မထင်ဘူးလို့ ကျွန်တော်ပြောချင်တယ်။ လွတ်လပ်မယ်ဆိုတာက နိုင်ငံတကာကလည်း ၀ိုင်းဝန်းစောင့်ကြည့်နေတယ်။ ပံ့ပိုးမှုတွေရှိနေတယ်လေ။ တရားမျှတမှု ရှိမှာမဟုတ်ဘူးဆိုတာက ၅၉(စ)ကို မပြင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီက အများစုအနိုင်ရရင်တောင် သမ္မတအရွေးခံခွင့်ရှိမှာမဟုတ်ဘူးလေ" ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

အကြောင်းမှာ စစ်အစိုးရစိတ်ကြိုက်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)သည် ကွယ်လွန်သူခင်ပွန်းနှင့် အင်္ဂလန်နိုင်ငံသား ခံယူထားသည့် သားနှစ်ယောက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံကိုဦးဆောင်မည့် အစိုးရတစ်ရပ်အနေဖြင့် အောက်ခြေလူတန်းစား ပြည်သူတို့အတွက် အလေးထား စဉ်းစားစေချင်သည်ဟု ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားကြီးတစ်ဦးက ပြောသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...