NLD ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် လူမျိုးရေး ပဋိပက္ခများ ပြေငြိမ်းစေရန်နှင့် လှေစီးဒုက္ခသည်များ ထပ်မံ မပေါ်ပေါက်စေရန်အတွက် အလေးထားဆောင်ရွက်ရန် အချက်ခြောက်ချက်ကိုလည်း အလေးထားတောင်းဆိုထားသည်။
NLD ၏ ထုတ်ပြန်ချက်တွင် လှေစီးဒုက္ခသည်များအရေးနှင့် လူမျိုးရေး ပဋိပက္ခများ မပေါ်ပေါက်စေရန် တရားဥပဒေ စိုးမိုးရေး၊ နယ်စပ်လုံခြံုရေး၊ နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိ လိုက်စားမှု ကင်းရှင်းရေး၊ လူသားချင်းစာနာသည့် အထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိရေး စသည့် အချက်များပါ၀င်သည်။
ယင်းအပြင် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများကို အမြန်ဆုံး ပြန်လည်နေရာချထားရေး၊ ဒေသတွင်း နေထိုင်သူများ၏ လူမှုစီးပွားအခြေအနေ ဖွ့ံဖြိုးတိုးတက်ရေး၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စများကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ရေးတို့ကို သက်ဆိုင်ရာ ဒေသတွင်း အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အင်အားစုများအားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
NLD ၏ ရခိုင်ပြည်နယ် သံတွဲခရိုင် ဥက္ကဌ ဦးဝင်းနိုင်က " ခိုးဝင်၊ ခိုးထွက်တဲ့သူတွေကို ရဲမှူးရဲ့ကား၊ ၀န်ကြီးချုပ်ရဲ့ကားဆိုပြီး ဂိတ်တွေကို ဖြတ်သွားနေတာတွေက အစိုးရ တာဝန်ရှိတဲ့သူတွေနဲ့ လူမှောင်ခိုသမားတွေရဲ့ နားလည်မှု တစ်ခုလို့ ကျွန်တော်တို့ ယူဆတယ်" ဟု ဆိုသည်။
လှေစီးဒုက္ခသည်များကိစ္စသည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တော ဒေသများတွင် လွန်ခဲ့သော သုံး၊ လေး နှစ်ခန့်က စတင်၍ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ကြပါသည်ဟု ထုတ်ပြန်ချက်တွင်ထည့်သွင်းထားသည်။
NLD ၏ စစ်တွေခရိုင် ဥက္ကဌ ဦးလင်္ကာကျော်က "ဘူးသီးတောင် မောင်တောဘက်နဲ့ ကျွန်တော်တို့ အဆက်အသွယ် ရှိပါတယ်ဗျ လူမှောင်ခို ကိစ္စတွေ ဘာတွေ မကြားပါဘူး အေးအေးဆေးဆေးပါ" ဟု ဆိုသည်။
လူမှောင်ခို ကုန်ကူးမှုများမှာ ရခိုင်ပြည်နယ်က ထွက်လာသည်ဟုသည့် ပြောဆိုချက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း က မေ ၃၁ ရက် တွင် သတင်းထောက်များကို ပြောဆိုထားသည်။
"ရခိုင်ပြည်နယ်က ခိုးဝင်ခိုးထွက် လုံးဝမရှိအောင် နေ့ညမရွေးလုံခြံုရေး အပြည့်နဲ့တာဝန်ယူထားတယ်၊ ပင်လယ်ထဲက ဒုက္ခသည်တွေ ကိစ္စဟာ ရခိုင်ပြည်နယ်ကိစ္စဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ပဲပြောပါရစေ" ဟု ဦးမောင်မောင်အုန်းက ပြောသည်။
လူကုန်ကူးမှု ကိစ္စများကို နိုင်ငံတကာ အသိုက်အဝန်းက ၀ိုင်းဝန်းကူညီရန် လိုအပ်သည်ဟုလည်း NLD ၏ ကြေညာချက်တွင် ပါဝင်သည်။
လက်ရှိတွင် လှေစီးဒုက္ခသည်များအရေးမှာ အရေးကြီးသည့် ပြဿနာဖြစ်နေပြီး မြန်မာနိုင်ငံတွင် မေလ ၂၁ ရက်က လှေစီးဒုက္ခသည် ၂၀၀ ကျော် ဖမ်းဆီးမိထားပြီး ၄င်းတို့အနက်မှ ၂၀၀ မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှဖြစ်သည်ဟု စီစစ်ပြီး ဖြစ်သော်လည်း ပြန်ပို့ရန် မဆောင်ရွက်နိုင်သေးပေ။
ယင်းအပြင် မေ ၂၉ ရက်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အနောက်ဘက် ရေမိုင်သုံးဆယ် အကွာတွင် ဖမ်းဆီးမိခဲ့သော သင်္ဘောပေါ်တွင် လှေစီး ဒုက္ခသည် ရ၂၇ ယောက် ပါဝင်ခဲ့ပြီး ၎င်းတို့ကို ဘင်္ဂလီများဖြစ်သည်ဟု အစိုးရ သတင်းစာက ထုတ်ပြန်ကြေညာထားသည်။








