"သူတို့နေခဲ့တဲ့ နေရာက မဲစာရင်းတွေမှာ ပါတယ်ဆိုရင် မဲပေးနိုင်မယ်။ သူ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပေးရမှာပါ" ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် မေလ ပထမအပတ်အတွင်း ဖွင့်လှစ်ခဲ့သည့် ကောင်စစ်ဝန်ရုံးတွင် လာရောက်မဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၂၆ ရက်တွင် ပြောထားသည်။
"ထိုင်းက မြန်မာတွေက ဘန်ကောက်က သံရုံးအပြင် ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာလည်း ပေးလို့ရအောင် လုပ်ပေးမယ်။ ရွေးကောက်ပွဲ ရက်မတိုင်မီ ပုံစံ ၁၅ နဲ့ သံရုံးတွေမှာ ကြိုတင်မဲပေးရမှာပါ။ အခုတော့ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာစာရင်းတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနက တောင်းထားပါတယ်" ဟု ဦးတင်အေးက ဆိုသည်။
မဲစာရင်းတွင် ပါ၀င်ပြီး နိုင်ငံတကာသို့ ရောက်ရှိနေသည့် မဲပေးနိုင်သူ မြန်မာနိုင်ငံသားများသည် မဲပေးလိုပါက သတ်မှတ်ပုံစံ ၁၅ ဖြင့် ကြိုတင်မဲအဖြစ် သံရုံးသို့ ပေးအပ်နိုင်ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်ပင် ၎င်းတို့ အပါအဝင်ကြိုတင်မဲများပေးအပ်ထားသည့် လူဦးရေပမာဏကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများတွင် နံနက် ၆ နာရီမှစ၍ ကပ်ပေးထားမည်ဖြစ်သည် ဟု ရွေးကောက်ပွဲကော် မရှင်ထံမှ သိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်သူ ဦးရေမှာ ၂ သန်းခန့်ရှိပြီး ယင်းပမာဏ၏ ရ၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေကြပြီး မလေးရှားသို့ ၁၅ ရာခိုင်နှုန်းနှင့် နိုင်ငံ အချို့သို့လည်း ပြောင်းရွှေ့နေထိုင်နေကြကြောင်း ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်တွင် ထုတ်ပြန်သည့် သန်းခေါင်စာရင်း ရလဒ်အရ သိရသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ နောက်ဆုံးအပတ်နှင့် နိုဝင်ဘာ ပထမအပတ်အတွင်း ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။







