ညီလာခံ ကျင်းပရေးကော်မတီ၏ လုပ်ငန်းများ မပြီးပြတ်သေးသလို၊ TNLA အဖွဲ့အား ဖိတ်ကြားခြင်း မပြုရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)က ပြောဆိုခြင်းတို့ကြောင့် ညီလာခံ ရွှေ့ဆိုင်းလိုက်ရသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
TNLA ၏ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က “ညီလာခံ ကျင်းပဖို့ TNLA ကို ဖိတ်ကြားမလို့ UPWC ကို မေးမြန်းတဲ့အချိန်မှာ ခွင့်မပြုဘူးလို့ ပြောတယ်။ ဒါက အမျိုးသားရေး လုပ်ငန်းဖြစ်တယ်။ ဒီအမျိုးသားရေးဆွေးနွေးဖို့ အလွှာပေါင်းစုံ ပါဝင်ရမှာ ဖြစ်တယ်။ အဲဒီလို အားလုံး မပါဝင်ဘူး ဆိုရင်တော့ ဒီညီလာခံက အနှစ်သာရ မရှိဘူးလေ။ အမျိုးသားအခွင့်အရေးကို ပိတ်ပင်သလို ဖြစ်သွားတာပေါ့နော်”ဟု မဇ္ဈိမကို ပြောသည်။
ချင်းမိုင်မြို့တွင် အစည်းအဝေးလာတက်နေသည့် UPWC ဘက်မှ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကမူ TNLAအား ညီလာခံတွင် မဖိတ်ကြားရန် မပြောဆိုထားကြောင်း မဇ္ဈိမကို ပြောသည်။
“UPWC က ဘယ်သူပြောလဲမသိဘူး။ ဝန်ကြီး ဦးအောင်မင်းကတော့ မပြောတာ သေချာတယ်။ အဲဒီထဲမှာ ရေးထားတဲ့ UPWC က စာပို့တယ် ဆိုတာလည်း အဲဒီစာကို ကျွန်တော်မသိဘူး။ တွေ့လည်း မတွေ့ဘူး။ ဒီ့ပြင်လူကလည်း ပို့ဖို့ မဖြစ်နိုင်ဘူး”ဟု သူက ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ တအာင်း(ပလောင်) အဖွဲ့အစည်းများ အားလုံး ပါဝင်သော ညီလာခံတွင် ငြိမ်းချမ်ရေးနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများအပေါ် အဓိက ဆွေးနွေးမည် ဖြစ်သော်လည်း ဆွေးနွေးမည့် အသေးစိတ် အချက်အလက်များကိုမူ ဆွေးနွေးနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။
ညီလာခံကို ယခုနှစ် ၂၀၁၅ နှစ် အတွင်း ကျင်းပနိုင်ရေး စီစဉ်နေပြီး တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းလူငယ်များ ဦးဆောင်၍ ကျင်းပမည် ဖြစ်သည်။
TNLAသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်ဖြစ်သော TNLA နှင့် အစိုးရတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။







