ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှတဆင့် သံတွဲမြို့နယ်သို့ လှေဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် မြို့နယ် လ.ဝ.က မှူးက လူကြီး ရှစ်ဦးကို အမှုဖွင့် တရားစွဲဆိုထားသည်ဟုဆိုသည်။
ရဲမှူးခင်ဇော်က "မိသားစုတစ်စုကတော့ ဆေးကုဖို့လာတယ်လို့ပြောတယ်၊ ကောင်မလေး နှစ်ယောက်ကတော့ အလုပ်လာရှာတယ် လို့ပြောတယ်"ဟု ပြောသည်။
ထိုသို့ဖမ်းဆီးမိသူများထဲတွင် သုံးနှစ်အရွယ် ကလေးတစ်ဦး၊ လေးနှစ်အရွယ် ကလေးတစ်ဦးနှင့် ခြောက်နှစ်အရွယ် ကလေးတစ်ဦးတို့ပါ၀င်သည် ဟုဆိုသည်။
ထိုသို့ဖမ်းဆီးမိသူများသည် နိုင်ငံသား အသိအမှတ်ပြုကတ်နှင့် အခြားအထောက်အထား တစ်စုံတစ်ရာ ပါဝင်ခြင်း မရှိခြင်းကြောင့် ဖမ်းဆီးထားခြင်းဖြစ်သည် ဟုဆိုသည်။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဝှိုက်ကတ်ကိုင်ဆောင်သူများထံမှ ဝှိုက်ကတ်များ ပြန်လည် လက်ခံပြီး လက်ခံရရှိကြောင်း ဖြတ်ပိုင်း တစ်စောင်ကို ပြန်ထုတ်ပေးထားသည်။
ပြည်နယ်အစိုးရအနေဖြင့် ဝှိုက်ကတ် ကိုင်ဆောင်သူများ အပ်နှံပြီးပါက လက်ခံရရှိကြောင်း ထောက်ခံစာဖြင့် ခရီးသွားလာနိုင်သည် ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
"ဝှိုက်ကတ်တွေ သိမ်းလိုက်တော့ သွားလာတဲ့နေရာမှာ အခက်အခဲရှိတယ်၊ ရွာကနေ မြို့ကိုတက်ရင်တောင် စစ်ဆေးရေးဂိတ်တွေက ဖြတ်ရရင် ကျွန်တော်တို့ အများကြီးအခက်အခဲရှိတယ်"ဟု သံတွဲမြို့နယ် ခြံပြင်ကျေးရွာမှ ဝှိုက်ကတ်ကိုင်ဆောင်သူ တစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင်းနေထိုင်သည့် အထောက်အထားမရှိသော ဘင်္ဂါလီ လူမျိုးစုများကို ခရီးသွားလာခွင့် ကန့်သတ်ထားပြီး ရေကြောင်း ထွက်ပေါက်များမှတဆင့် တရားမဝင်သွားလာကြသည်။







