ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မိုဟာမက် မဟာဘူဘာရာမန်နှင့် ၎င်း၏ လက်ထောက် ကောင်စစ်ဝန် မိုဟာမက် ဆီလင်အူဒင်တို့က စစ်ဆေးအတည်ပြုပြီး ဘင်္ဂလားဒေ့ရှ်သံရုံးကို တင်ပြကာ ပြန်ခေါ်ရန် ပြင်ဆင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။
ဦးခင်စိုးက "ကျွန်တော်တို့က ဒီလူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အရင်ကောက်ယူ ထားတယ်။ ကောင်စစ်ဝန်လာတော့ ဒါတွေပြတယ်။ သူက တစ်ယောက်ချင်းကို တိုက်ဆိုင်စစ်ဆေးပြီး သူတို့ဆီက ဖုန်းနံပတ်တွေ ဘာတွေတောင်းတယ်။ ပြီးတော့ သူတို့မိသားစုတွေဆီကို ဆက်သွယ်ပြီး သူတို့ မိသားစုနဲ့လည်း တွေ့တဲ့အတွက် အတည်ပြုလိုက်ပါတယ်" ဟု ဆိုသည်။
အဆိုပါ ဒုက္ခသည် ၂၀၀ ကျော်၏ ကိုယ်ရေး အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာသုံးမျိုးဖြင့် အချက်အလက် ကောက်ခံထားပြီး ထိုအချက်အလက်များကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က စစ်ဆေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ လှေစီးဒုက္ခသည် ၂၀၈ ဦးတွင် ရှစ်ဦးမှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ကျန် ၂၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက "မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို တင်ပြပြီးမှ နိုင်ငံခြားရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ခေါ်မယ်ဆိုပြီး ပြောသွားတယ်" ဟု ပြောသည်။
မြန်မာ့ ရေပိုင်နက်အတွင်း ဖမ်းဆီးမိခဲ့သော လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က သုံးရက်ကြာ စိစစ်ခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂကလည်း ထိုဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟု မေလ ၂၅ ရက်တွင် အတည်ပြု ထုတ်ပြန်ထားသည်။
ထိုဒုက္ခသည်များသည် ထိုင်းနိုင်ငံသားပိုင် သင်္ဘောဖြင့် မလေးရှားနိုင်ငံသို့သွားရောက်ရန် ထွက်ခွာလာခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် ရက်ပေါင်း ၅၀ ခန့် မျောပါခဲ့သည်။
မေ ၂၁ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ့ရေ ပိုင်နက်အတွင်းတွင် မြန်မာ တပ်မတော် (ရေ) က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။







