လော်ခီးလာ ညီလာခံ အကြို အစည်းအဝေး ဒုတိယနေ့တွင် လက်နက်ကိုင်အဖွဲ့အသီးသီး၏ အကြံပြုချက်များ သုံးသပ်

လော်ခီးလာ ညီလာခံ အကြို အစည်းအဝေး ဒုတိယနေ့တွင် လက်နက်ကိုင်အဖွဲ့အသီးသီး၏ အကြံပြုချက်များ သုံးသပ်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)၏ ဒုတိယနေ့ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ပြန်လည် သုံးသပ်ခဲ့ကြသည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

NCCT အဖွဲ့တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) အပေါ် အကြံပြုချက်များကို NCCT ခေါင်းဆောင်များက စုစည်း၍ ပြန်လည် သုံးသပ်ဆွေးနွေးနေခြင်း ဖြစ်သည်။

“ဒီနေ့က NCCT ရဲ့ ရှေ့လုပ်ငန်းစဉ်အတွက် လော်ခီးလာ အစည်းအဝေးမှာ သူတို့ တင်ပြမယ့် အချက်တွေကို ဆွေးနွေးတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ အဆိုပြုတာ အကြံပြုချက်တွေကို ပြန်လည်  စုစည်းတဲ့သဘောပါ”ဟု ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အကြံပြုချက်၊ အဆိုပြုချက်များကို သုံးသပ်၍ လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည့် လော်ခီးလာ အစည်းအဝေးတွင် ပြန်လည် တင်ပြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က NCCT နှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းပါအချက်များ သဘောတူညီမှု ရရှိခဲ့မှုအပေါ် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ ပြန်လည်တင်ပြကာ တိုင်းရင်းသားခေါင်းဆောင်များ၏ အကြံပြုချက်များ ရယူခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကျင်းပမည့် လော်ခီးလာအစည်းအဝေးအတွက် အကြိုညှိနှိုင်းသော အစည်းအဝေးကို မေလ ၂၅ ရက်မှစတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ရာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် မူဘောင်ကို NCCT ၏ မူဘောင်ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များက ကြိုတင် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဒုတိယနေ့ NCCT အစည်းအဝေးတွင် ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းတို့ အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့သော်လည်း NCCT ၏ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်က ခရီးလွန်နေသဖြင့် တက်ရောက်လာခြင်း မရှိသေးပေ။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...