NCCT ဖျက်သိမ်းပြီး ထပ်ဖွဲ့မည့် အဖွဲ့ လုပ်ပိုင်ခွင့်နှင့် အာဏာ ပိုများမည်ဟုဆို

NCCT ဖျက်သိမ်းပြီး ထပ်ဖွဲ့မည့် အဖွဲ့ လုပ်ပိုင်ခွင့်နှင့် အာဏာ ပိုများမည်ဟုဆို
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘော တူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏တာဝန် ပြီးဆုံးပြီဖြစ်ပြီး ထပ်မံ ဖွဲ့စည်းမည့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် တာဝန်ယူရမည့်  အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် အာဏာမှာ ယခု အဖွဲ့ထက်  ပိုမိုများပြားလာ မည်ဖြစ်သည်ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက မဇ္စျိမကိုပြောသည်။

မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်း (NCA)ကို နှစ်ဘက်သဘောတူ ညှိနှိုင်းပြုစု ရေးဆွဲပြီးကြောင်း အတည်ပြုချက် လက်မှတ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့  နိုင်ငံတော်သမ္မတ ရှေ့မှောက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။  NCA လုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် NCCT အဖွဲ့၏ တာဝန်များမှာ ပြီးဆုံးပြီ ဖြစ်သည်။

ဦးခွန်ဥက္ကာက “နောက်ပိုင်းနိုင်ငံရေးဆွေးနွေးပွဲအတွက် ဘယ်လိုပုံစံဖွဲ့စည်းမယ်ဆိုတာ ပြောဖို့ခက်တယ်။  နိုင်ငံရေးဆွေး နွေး ပွဲအတွက် တာဝန်ယူရမယ်ဆိုရင် အလုပ်ကတော့အဆင့်မြင့်သွားတာပေါ့။  နိုင်ငံရေး လုပ်ငန်းတွေ ပိုလုပ်ရမယ်။ စုဖွဲ့မှုပုံစံလည်း ပြောင်းသွားနိုင်တယ်။ လုပ်ပိုင်ခွင့်နဲ့အာဏာကတော့ ပိုလာတာပေါ့ ”ဟုပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ  ဆက်လက်လုပ်ဆောင်နိုင်ရန် အမည်တစ်ခုဖြင့် ဖြစ်စေ၊ မူတစ်ခုဖြင့်ဖြစ်စေ၊ NCCT ကို တိုးချဲ့၍ ဖြစ်စေ  အဖွဲ့အစည်းသစ်တစ်ခု ထပ်မံဖွဲ့ စည်းနိုင်သည်ဟုလည်း ၄င်းကဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲမပြုလုပ်မီ ရေးဆွဲရမည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အတွက်ကို NCCT အနေဖြင့် တာဝန်ယူမည်၊ ထပ်မံဖွဲ့စည်းမည့် အဖွဲ့က တာဝန်ယူမည် ဆိုသည်ကိုမူ မဆုံးဖြတ်ရသေးဘဲ  ကြိုတင်ပြောဆိုရန် ခက်ခဲသည်ဟုလည်း ဦးခွန်ဥက္ကာက ဆိုသည်။

MPC ၏ အပစ်အခတ်ရပ်စဲမှု ညှိုနှိုင်းအကောင်အထည်ဖော်မှု  စီစဉ်ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး “ကျွန်တော်တို့ မေးကြည့် တာကတော့  NCCT က NCA အတွက်လည်း တာဝန်ရှိတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်အတွက်လည်း တာဝန်ရှိတယ်ဆိုပြီးပြောထားပါတယ်” ဟုပြောသည်။ NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ မစခင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲရမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် ကျင်းပသည့် လိုင်ဇာညီလာခံအပြီးတွင်  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ယင်းကောင်စီ အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့တို့မှ ကိုယ်စားလှယ်များ စုစည်းကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့သည်။

NCCTသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ရေးထိုးနိုင်ရန် ဆွေးနွေးနေသည့် လုပ်ငန်းအဖွဲ့ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...