ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး ၂၆ နှစ်အတွင်း ပြဿနာ ကြီးကြီးမားမား မရှိ၍ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် မလိုဟု UWSA ဆို

ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး ၂၆ နှစ်အတွင်း ပြဿနာ ကြီးကြီးမားမား မရှိ၍ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် မလိုဟု UWSA ဆို
by -
မဇ္ဈိမ
အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး ၂၆ နှစ်တာ ကာလအတွင်း ကြီးမားသောပြဿနာ မရှိခဲ့၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် မလိုဟု ဝ ပြည်သွေးစည်း ညီညွှတ်ရေးအဖွဲ့ (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။

UWSA သည် လော်ခီးလာဒေသတွင် ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံသို့လည်း တက်ရောက်မည် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့ကြား ရေးထိုးမည့် အပစ်ရပ်စာချုပ်တွင်လည်း လက်မှတ်ရေးထိုးမည် မဟုတ်ပေ။

ဦးအောင်မြင့်က “အစည်းအဝေးကို မတက်တာက ဂရုမစိုက်တာ မဟုတ်ဘူး။ အလေးမထားတာ မဟုတ်ပါဘူး။ အစည်းအဝေး အခြေအနေကိုတော့ တောက်လျှောက်အလေးထား ဂရုစိုက်နေပါတယ်။ နောက်သူတို့နဲ့လည်း အဆက်မပြတ် ဆက်သွယ်မှု ယူထားပါတယ်” ဟု ပြောသည်။

UWSA သည် NCA လက်မှတ်မထိုးသော်လည်း NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမည့် အချက်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

UWSA သည် NCA စာချုပ် လက်မှတ်မထိုးရန် ဆုံးဖြတ်ခြင်းမှာ လက်မှတ်ထိုး၍ ရရှိလာမည့် စာချုပ်အတွင်း ပါရှိသည့် အသေးစိတ် အချက်အလက်များနှင့် နှိုင်းယှဉ်ပါက လက်ရှိ UWSA  ရရှိထားသည့် အဆင့်အတန်း အနေအထားမှာ ပိုမိုမြင့်မားသည့် အနေအထားဖြစ်နေ၍ လက်မှတ်မထိုးခြင်း ဖြစ်နိုင်သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးညှိနှိုင်းမှုအဖွဲ့ (NCCT) အဖွဲ့ဝင် ဦးခွန်ဥက္ကာက သုံးသပ်သည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးပါက တပ်အချို့ ဆုတ်ခွာခြင်း၊ ဖျက်သိမ်းခြင်းအပြင် တပ်ပိုင်းဆိုင်ရာ လိုက်နာမှုများကို လိုက်နာရမည့်အတွက် အစိုးရ တပ်မတော်နှင့် တပ်ပိုင်းဆိုင်ရာ ပတ်သက်မှု မရှိသည့် UWSA က စာချုပ်ကို လက်မှတ်မထိုးလိုခြင်း ဖြစ်နိုင်သည်ဟု ဦးခွန်ဥက္ကာက သုံးသပ် ပြောကြားခြင်း ဖြစ်သည်။ UWSA နယ်မြေဖြစ်သည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အစိုးရတပ်မတော် အခြေစိုက်စခန်းများ မရှိဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “သမ္မတနဲ့ UWSA တို့  တွေ့ဆုံခဲ့တဲ့ အချိန်တွေကတညး်က သူတို့ ၂၆ နှစ်အတွင်း ဘာပြဿနာမှ မရှိခဲ့တဲ့အတွက် NCA လက်မှတ် မထိုးဘူး ပြောပြီးသားပါ။ ခုမှ ပြောတာမဟုတ်ပါဘူး။ ၂၆ နှစ်အတွင်း တိုက်ပွဲမဖြစ်ခဲ့တာကလည်း သူတို့အဖွဲ့ပဲ ရှိပါတယ်” ဟု ပြောသည်။

UWSA က အစည်းအဝေး မတက်ခြင်းနှင့် ပတ်သက်၍လည်း ဦးခွန်ဥက္ကာက “အစည်းအဝေးကို UWSA  မတက်တာက အစည်းအဝေးကို သက်ရောက်မှု ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ ခါတိုင်းပွဲတွေ တုန်းကလည်း သူတို့ မတက်ပါဘူး။ ပုံမှန် အခြေအနေပါပဲ။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တက်ရောက် ဆွေးနွေးမယ်ဆိုတော့ ကျွန်တော်တို့က ကြိုဆိုရမှာပါ” ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်းကို အဓိကထား ဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ညီလာခံကို လော်ခီးလာဒေသတွင် ဇွန် ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မေလ ၁၉ ရက်ကပင် NCCT က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့ကို ဖိတ်စာများ ပေးပို့ပြီး ဖြစ်သည်။

မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း (NCA) ကို နှစ်ဘက် သဘောတူ ညှိနှိုင်း ပြုစု ရေးဆွဲပြီးကြောင်း အတည်ပြုချက်လက်မှတ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ နိုင်ငံတော် သမ္မတ ရှေ့မှောက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

UWSA သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခင်အစိုးရလက်ထက်က ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ် မေ ၉ ရက်တွင်  လက်မှတ်ရေးထိုးခဲ့သည်။ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အချက် ၆ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူညီချက်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ က လက်မှတ်ရေးထိုးခဲ့သည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏  မြို့နယ်ပေါင်း ၆ ခုကို တရားဝင်အမည်ဖြင့် ၂၀၁၀ သြဂုတ်လ ၂၀ ရက်တွင် တရားဝင် ကြေညာခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...