လော်ခီးလာညီလာခံ နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် အကြိုအစည်းအဝေး ချင်းမိုင်တွင် ကျင်းပနေ

လော်ခီးလာညီလာခံ နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် အကြိုအစည်းအဝေး ချင်းမိုင်တွင် ကျင်းပနေ
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် မူဘောင်ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)၏ မူဘောင်ရေးဆွဲရေးလုပ်ငန်းအဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကို မေလ ၂၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

NCCT အဖွဲ့၏ မူဘောင်ရေးဆွဲရေး အလုပ်အဖွဲ့ဝင်များ ဖြစ်သော ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နည်းပညာအထောက်အကူပြုအဖွဲ့မှ ဆရာမ နန်ရော်၊ ဆရာမ ဂျာနန်၊ ပဒိုတာဒူမူး၊ ဗိုလ်မှူးကြီး ဆင်ဝါး တို့ အပါအဝင် ရ ဦးတို့ ဆွေးနွေးနေခြင်း ဖြစ်သည်။

“ဒီနေ့ ကျွန်တော်တို့ NCCT ဖွဲ့ပေးလိုက်တဲ့ Frame Work(မူဘောင်ရေး)ဆွဲရေးအဖွဲ့တွေကနေပြီးတော့ မူဘောင်ကို ပြန်ကြည့်ဖြစ်တယ်။ ပြန်ပြင်ရေးတာတို့၊ အက်ဒစ်လုပ်တာတို့ လုပ်တယ်။ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရန်အတွက် မူဘောင် ရေးဆွဲ၍ တခုလုံးမှာ ဘာတွေ ပါဝင်သင့်သလဲ။ ဘယ်လိုအချက်တွေပါမလဲ။ ဘာတွေ အတည်ပြုမလဲဆိုတာပါ”ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း (NCA) ကို သဘောတူလက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်သည့် မူဘောင်နှင့် ပတ်သက်၍ မည်သို့ အကောင်အထည်ဖော်သွားရန်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

“NCA လက်မှတ်ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့အတွက် လိုအပ်တဲ့မူဘောင်။ ဆွေးနွေးပွဲမှာ ဘယ်လို ဆွေးနွေးမလဲ၊ ဘယ်Agendaကို ဆွေးနွေးမလဲ။ ဘယ်ကိုယ်စားလှယ်ကို ဘယ်လို ရွေးမလဲ။ ၅၆ ပါတီတို့ NLD တို့ မူဘောင်တွေ ရေးဆွဲတာတို့ လုပ်နေကြပြီ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ မူကြမ်း ပြင်ဆင်တဲ့သဘောပါ”ဟု သူက ၎င်းက ပြောသည်။

NCCT ခေါင်းဆောင် နိုင်ဟံသာနှင့် ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်တို့ မရောက်လာသေး၍ NCCT အစည်းအဝေးကို မေလ ၂၆ ရက် နှင့် မေလ ၂၇ ရက်ထိ ကျင်းပသွားမည် ဖြစ်သည်။

ယင်းအစည်းအဝေးကို မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အလုပ်အဖွဲ့ကလည်း သွားရောက်တွေ့ဆုံရန် ပြင်ဆင်နေပြီး လိုအပ်ပါက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ကိုယ်စားလှယ်အချို့လည်း တက်ရောက်နိုင်ဖွယ်ရှိသည်ဟု MPC ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုအစည်းအဝေးတွင် လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် လော်ခီးလာတွင် ကျင်းပမည့် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှု များ ဆွေးနွေးသွားမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြော သည်။

ယင်းလော်ခီးလာ ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့အား ဖိတ်ခေါ်ထားသော်လည်း  အင်အား အကြီးဆုံးဖြစ်သော ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) က တက်ရောက်မည် မဟုတ်ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က အစိုးရနှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူးကြမ်းပါ အချက်များ သဘောတူညီမှု ရရှိပြီးနောက် NCCT က မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသား လက််နက်ကိုင် အဖွဲ့အစည်းများအတွင်း ပြန်လည် ဆွေးနွေး၊ သုံးသပ်မှုများ ပြုလုပ်နေပြီး လာမည့် လော်ခီးလာ ညီလာခံတွင် ပြန်လည် ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...