မေလ ၂၂ ရက်က ရန်ကုန်မြို့၊ တာမွေ မြို့နယ်ရှိ Holiday စားသောက်ဆိုင်တွင် ပြုလုပ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA)နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ၏ ဆွေးနွေးပွဲ တွင် နှစ်ဘက်စလုံးက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က “ဖွဲ့စည်းပုံမပြင်ဘဲနဲ့ ဘယ်လိုအချိုးအကွေ့ကိုပဲ သွားသွား ရလဒ်ကောင်းထွက်စရာအကြောင်းကို မရှိဘူး”ဟုပြောသည်။
လက်ရှိအချိန်တွင် ယခင်ကဲ့သို့ တိုင်းရင်းသားများ တစ်ကွဲတစ်ပြားဖြစ်နေမှုမရှိဘဲ စုစည်းမှုအားကောင်းနေပြီး နိုင်ငံရေးအင်အားစု များလည်း စုစည်းနေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် ဆွေးနွေးရန်သာ လိုတော့သည်ဟုလည်း ၎င်းကဆိုသည်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် ဦးအေးသာအောင်ကလည်း “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ကောင်းလွတ်လပ်ပေမယ့် တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူး” ဟုပြောသည်။
ပြည်သူများ မျှော်လင့်သည့် တိုင်းပြည်အကျိုးရှိမည့် ပြုပြင်ပြောင်းလဲရေးကိစ္စများသည် ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပါက ရွေးကောက်ပွဲ ပြီးဆုံးသော်လည်း အကောင်အထည် ပေါ်လာမည် မဟုတ်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်မှု အနေအထားကို စောင့်ကြည့်ရန် လိုအပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် လက်နက်ကိုင် တိုင်းရင်းသားများက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အချက်များ သယ်ဆောင်လာနိုင်သည့်အပြင် လွှတ်တော်၏ ဖွဲ့စည်းပုံပြင်ဆင်ရန် သဘောတူပါသည်ဆိုသည့် အချက်ရရှိရန် မှာလည်းအရေးကြီး သည်ဟု ကိုမင်းကိုနိုင်ကပြောသည်။
စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ဦးခွန်ထွန်းဦးက “အခြေခံ ဥပဒေကို ကျွန်တော်တို့ မပြင်နိုင်ခဲ့လို့ရှိရင် နောင်လာနောင်သားတွေအတွက် အများကြီးဒုက္ခရောက်မှာပါ။ တိုင်းရင်းသားအဖွဲ့အစည်း တော်တော် များများကလည်း ဒီဖွဲ့စည်းပုံကိုပြင်ချင်တယ်”ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် လွှတ်တော်သို့ လေ့လာရေး လာရောက်ကြသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များကို ရွေးကောက်ပွဲများ တရားမျှတရန်အတွက် ဖွဲ့စည်းပုံခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုခြင်းဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်ဖက်စောင်းနင်းဖြစ်ပါက ရွေးကောက်ပွဲများ ညီမျှမှု မရှိနိုင်ဟု ပြောကြားခဲ့သေးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်ပြီး လက်ရှိလွှတ်တော် အသီးသီးသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်းရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပပေးမည်ဟု ကြေညာထားသည်။







